ဖေဖော်ဝါရီ ၁၁ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသနှင့် ဖားကန့်မြို့နယ်ကို သွားတဲ့လမ်းပိုင်းဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ရက်အကန့်အသတ်ပိတ်ထားသောကြောင့် လောင်စာဆီတင်ကားများနဲ့ ကုန်တင်ကားများ ရပ်နားထားရတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
လမ်းပိတ်မှုတွေကြောင့် အင်းတော်ကြီးဒေသကနေ ဖားကန့်ကိုသွားမယ့် လမ်းပိုင်းက ကျေးရွာတွေမှာ ဓာတ်ဆီတင်ကားတွေနဲ့ ကုန်ကားတချို့ ရပ်နားထားမှုတွေရှိတယ်လို့ အင်းတော်ကြီး ပန်းလားကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ပိတ်တာတော့ပိတ်ထားတာဟုတ်တယ်။ သွားတဲ့လူတွေလည်းရှိတယ်။ ဒီဇယ်ရောင်းတဲ့လူတွေတော့ တက်နေကြတယ်။ ပိုက်ဆံပေးပြီးတော့ ကျော်သွားသလားမသိဘူး၊ နေ့လည်ဆိုပိတ်ထားတယ်။ ကားကြီးတွေပိတ်ထားတာ ဆိုင်ကယ်တွေတော့သွားလို့ရတယ်။ ကယ်ရီသမားတွေတော့သွားနေကြတယ်။ ကားတွေက ပိုက်ဆံပေးသလားမသိဘူး။ ညဆိုကားအသေးတွေတက်တယ်။ ပါကျဲရိုကားတွေပေးတာ၊ မနက်စောစော မိုးမလင်းခင်နဲ့ ညမိုးချုပ်တဲ့အခါသွားကြတာ” လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပြပါတယ်။
အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းအပြင် ဖားကန့်-မိုးကောင်းလမ်းပိုင်းက နန့်ယားဂိတ်မှာလည်း စက်သုံးဆီသယ်ယူပို့ဆောင်ရေးကားတွေကို ဖြတ်ကျော်ခွင့်မပေးပဲပိိတ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အခုလိုလမ်းပိတ်မှုတွေကြောင့် ဖားကန့်မြို့ပေါ်မှာ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ ဖားကန့်ဒေသခံတွေက သုံးသပ်နေကြပါတယ်။
“ အမှန်တော့ဖြတ်လေးဖြတ်လုပ်တဲ့ဟာပါ့ အမှန်က ပြည်သူကပိုထိတာပါ့ လက်နက်ကိုင်တွေနဲ့ PDF တွေက ဘာဖြစ်မလဲ၊ လူတွေကားတွေစစ်တယ်။ လူတွေရှာတယ်။ ဖုန်းတွေစစ်တယ်။ ယမ်းကားတွေလည်းမိတာကိုးအေး။ ယမ်းကားတစ်စီးကိုအကြောင်းပြပြီး ကျန်တဲ့ဟာတွေပါပိတ်တာ” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း စက်သုံးဆီကားများတင်ရောက်ခွင့် ပိတ်ပင်ထားမှုကြောင့် နှစ်ပတ်ကျော်ကြာအောင် စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဓာတ်ဆီတစ်ဂါလံ နှစ်သောင်းခွဲကျပ်အထိမြင့်တက်ခဲ့ဖူးပါတယ်။