အင်းတော်မြို့နယ်ကဒေသခံလေးဦးကိုစစ်ခုံရုံးကသေဒဏ်ချမှတ်

ဩဂုတ် ၂၄ ၊ အင်းတော် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း  အင်းတော်မြို့နယ်က ဒေသခံလေးဦးကို  လက်နက်ခဲယမ်းသယ်ယူပေးတယ်ဆိုတဲ့ စွဲချက်ဖြင့် စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ ယာဉ်မောင်း ကိုဇော်မျိုးထွန်း (ခ) တိုနီ ၊ ကိုကျော်စွာဝင်း (ခ) ကျော်စွာ ၊ မမြင့်မြင့်အေး ၊ အောင်ကျော်ကျော်မိုး တို့ဖြစ်ပါတယ်။ 

“ လေးဦးကို သေဒဏ်ချတာကတော့ ဟုတ်တယ် ဟိုတနေ့ကတော့ ၊ တိုနီကတော့ အင်းတော်က လူတွေ သေချာသိကြတယ်။  ဘာကြောင့် သူတို့ကို သေဒဏ်ချတာလည်းဆိုတာ သေချာတော့ မသိဘူး”​ လို့ အင်းတော်မြို့ခံ တစ်ဦးက ပြောပြပါတယ်။ 

အဆိုပါ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ဟာ  စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားသည့် တော်လှန်ရေးအင်အားစုများကို လက်နက်ခဲယမ်းများ အကြိမ်ကြိမ်သယ်ယူပို့ဆောင်လွှဲပြောင်းပေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းနဲ့ သတင်းပေးပို့ဖို့ ပျက်ကွက်မှုတွေကြောင့်  အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၂(ခ) တို့အရ သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

သူတို့လေးဦးထဲက မုံရွာ-မြစ်ကြီးနားလိုင်းကားမောင်းသည့် ကိုဇော်မျိုးထွန်း(ခ)တိုနီကို  ပြီးခဲ့တဲ့ ဇွန်လက စစ်ကိုင်း-ကချင် နယ်စပ် နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

ကျန်တဲ့ (၃) ဦးကိုတော့ အင်းတော်မြို့ထဲ ဇွန်လမှာ စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေငြာထားတဲ့  အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းမှာ  စစ်ခုံရုံးနဲ့ စစ်ဆေးစီရင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့   ၂၀၉ ဦး ပြစ်ဒဏ်ချမှတ်ထားကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *