အင်းတော်မြို့နယ်ကဒေသခံ (၄) ဦး  နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ထောင်ချခံရ 

မိုးညှင်း-အင်းတော်လမ်းပိုင်းမှ မြို့အဝင်ကိုတွေ့ရစဉ် Photo/ShanNi Voice

ဖေဖော်ဝါရီ ၅ ၊ အင်းတော် 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က ဒေသခံလေးဦးကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့က ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ် နဘားကျေးရွာမှာနေထိုင်တဲ့  စာရေးဆရာမတစ်ဦးလည်းဖြစ်သလို အလွတ်တန်းသတင်းထောက် မယဉ်ယဉ်သိန်း(နဘား) ကို 

လူမှုကွန်ယက်ပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေမည့်စာသားများ အများပြည်သူများနှင့် ဝန်ထမ်းများအား ထိတ်လန့်ကြောက်ရွံ့စေဖို့ ရည်ရွယ်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က) ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ် တစ်နှစ်နဲ့ ၆ လချမှတ်လိုက်တာလည်းဖြစ်ပါတယ်။ 

မယဉ်ယဉ်သိန်း(နဘား)ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ  သူ့နေအိမ်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက  လာရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ 

အင်းတော်မြို့နယ်အတွင်းက  ဒေသခံ (၂) ဦးဖြစ်တဲ့ ကိုဇင်ခန့်ဦး ၊ ပန်ဆုဆက်ပိုင်(ခ) ပန်ဆု၊  လူမှုကွန်ရက်ပေါ်က ပိုစ့်တွေကြောင့်  ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လစီချမှတ်လိုက်တာဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။ 

ဒါ့အပြင် အင်းတော်မြို့နယ် နားခါးကျေးရွာမှာနေထိုင်တဲ့ ကိုဘုန်းမြင့်ဦး ကိုလည်း ဆန္ဒပြပွဲမှာ (၁၀) ကြိမ်ခန့်ပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုပြီး အလုပ်နဲ့ ထောင်ဒဏ် ၁ နစ်နဲ့ (၆) လချမှတ်လိုက်တာလို့ ဆိုပါတယ်။ 

အင်းတော်မြို့နယ်ဟာ  စစ်ကောင်စီက ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *