အညာဒေသနဲ့ စစ်တောင်းမြစ်ဝှမ်းမှာ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း သုံးထောင်နီးပါးဖြစ်ပွားခဲ့

ဇန်နဝါရီ ၂ ၊ မန္တလေး 

အညာဒေသနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း တိုက်ပွဲပေါင်း သုံးထောင်နီးပါးဖြစ်ပွားခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ဇန်နဝါရီ (၁)ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။ 

တစ်နှစ်တာအတွင်းမှာ ရင်ဆိုင်တိုက်ပွဲ၊  စခန်းသိမ်းတိုက်ပွဲ နဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေဟာ အကြိမ် တစ်ထောင်ကျော်ပြုလုပ်ထားခဲ့တယ်လို့ဆိုပါတယ်။ 

တိုက်ပွဲကြီးတွေအပြင် ပြောက်ကျားနည်းနဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေဟာ အကြိမ် ရှစ်ရာကျော်နဲ့ ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၇၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ကသာခရိုင်အတွင်းက အင်းတော် နဲ့ ဗန်းမောက်မြို့တို့ကို NUG ရဲ့ အမှတ် (၁) စစ်ဒေသနဲ့ KIA ပူးပေါင်းတပ်ဖွဲ့က  တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ထိုင်း-မြန်မာနယ်စပ် မောတောင် နယ်စပ်မြို့ကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။ 

NUGရဲ့ ထုတ်ပြန်မှုအရ မံစီ၊ ဖလမ်း ၊အင်းတော် ၊ ဗန်းမောက်  နဲ့ မောတောင်မြို့တွေကို အပြည့်အဝ ထိန်းချုပ်ထားခဲ့ပြီး ဗန်းမော် ၊ကျော်ဖြူ ၊ ဖာပွန် ၊ ကသာ နဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ စစ်ရေးအရ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။ 

သို့ပေမယ့်လည်း ဗန်းမောက်မြို့ နဲ့ ဗန်းမော်မြို့တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။ 

NUG အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း မြို့သိမ်းနိုင်ခဲ့တဲ့တိုက်ပွဲတွေရှိခဲ့သလို မန္တလေးတိုင်းဒေသကြီးထဲက စဉ့်ကူး၊ သပိတ်ကျင်းမြို့တွေကို ပြန်လည်လက်လွှတ်လိုက်ရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

တိုက်ပွဲတွေဖြစ်ပွားပေမယ့် လက်နက်ခဲယမ်း ရှာဖွေနိုင်မှု လျော့ကျလာတာ ၊ စစ်ပန်းလာတာတွေစတဲ့ စိန်ခေါ်မှုတွေကြောင့် မြို့တချို့ ခွာစစ်ဆင်တာ နဲ့ စစ်ရေးတချို့အကောင်အထည်မဖော်နိုင်တာတွေဖြစ်ပေါ်လာတယ်လို့ NUG က ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *