အပစ်ရပ်ကာလတွင်း ဝန်းသိုမြို့နယ် နမ့်ခမ်းရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၀ ကျော်သေဆုံး 

ဧပြီ ၁၀ ၊ ဝန်းသို 

အပစ်ရပ်ကာလတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက အင်းတော်မြို့ကို ဆုံးရှုံးလိုက်ရပြီးနောက်  စစ်ကောင်စီက ဝန်းသိုမြို့နယ်တွင်းက တော်လှန်ရေးအင်အားစုများ စိုးမိုးနေရာတွေကို လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

မနေ့ ဧပြီလ(၉) ရက်နေ့ ညနေ ၃ နာရီခန့်အချိန်မှာပဲ စစ်ကောင်စီဘက်က လေယာဉ်နှင့် လာရောက်ဗုံးကြဲချသွားတာလို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တော်လှန်ရေး စစ်ရေးသတင်းများကို ရေးသားတင်ပြလေ့ရှိတဲ့ Kawlin info  က ရေးသားထားပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျေးရွာတွင်းနေတဲ့အရပ်သား  ၂၀ ဦးခန့်ရှိနိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

နန်းခမ်းကျေးရွာဟာ ဝန်းသိုမြို့နယ်နှင့် အင်းတော်မြို့နယ်အကြားမှာ ရှိနေပြီး NUG ရဲ့ စိုးမိုးနယ်မြေဖြစ်ပြီး အပစ်ရပ်ကာလတွင်း စစ်ကောင်စီ လက်လွတ်လိုက်ရတဲ့  အင်းတော်မြို့နှင့် မိုင်(၃၀)အနီးဝန်းကျင် ဝေးကွာပါတယ်။

မတ်လ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာမှာ လေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှု စုစုပေါင်း ၉၂ ကြိမ်အထိ ပြုလုပ်ခဲပြီး ထိခိုက်သေဆုံးတဲ့ အရပ်သား ၇၂ ဦးအထိရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ 

ထိုသို့တိုက်ခိုက်မှုတွေထဲမှာ ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့  စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု (၁၈)ကြိမ်နဲ့  မန္တလေးတိုင်းအတွင်း လည်း (၁၈) ကြိမ် ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ 

စစ်ကောင်စီဟာ ဝန်းသိုမြို့နယ်တွင်း ဂျိုးတောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကျောင်းသားကလေးသူငယ်(၂၁)ဦးနှင့်၊ ဆရာမ(၁) သေဆုံးခဲ့ရကြောင့် သတင်းမှတ်တမ်းများအရ သိရှိထားရပါတယ်။

မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် စစ်ကောင်စီအပါအဝင် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်များက ယာယီအပစ်ခတ်ရပ်စဲထားမယ်လို့ ကြေညာထားပေမယ့်လည်း ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နေ့စဉ်ရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *