
ဇန်နဝါရီ ၂၃ ၊ AP
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထဲမှ အမေရိကန်နိုင်ငံဟာ မနေ့ကစလို့ အပြီးတိုင်နုတ်ထွက်လိုက်ပြီလည်းဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထဲကနေ နုတ်ထွက်ဖို့အတွက် သမ္မတဒေါ်နယ်ထရမ့်ကြေညာပြီး တစ်နှစ်အကြာမှာပဲ (၇၈) နှစ်ကြာရှိခဲ့တဲ့ ကျန်းမာရေးအဖွဲ့တွေထဲကနေ ထွက်ခွာခဲ့တာလည်းဖြစ်ပါတယ်။
WHOရဲ့အဆိုအရ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ကျန်းမာရေးအေဂျင်စီသို့ အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော် ပေးဖို့ရှိနေသေးတယ်လို့ဆိုပါတဘ်။
အမေရိကန်နုတ်ထွက်မှုဟာ ရောဂါဖြစ်ပွားမှုအသစ်များအပေါ် ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုကို ထိခိုက်စေမှာဖြစ်ပြီးတော့ အမေရိကန်သိပ္ပံပညာရှင်တွေနဲ့ ဆေးဝါးကုမ္ပဏီတွေရဲ့ ကာကွယ်ဆေးနဲ့ဆေးဝါးများ တီထွင်နိုင်စွမ်းကို ထိခိုက်နိုင်လိမ့်မယ်လို့ Georgetown တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဥပဒေကျွမ်းကျင်သူ Lawrence Gostin က ပြောကြားထားပါတယ်။
“ ကျွန်တော့်အမြင်အရတော့ ဒါဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အဆိုးရွားဆုံး သမ္မတဆုံးဖြတ်ချက်ပါပဲ” လို့သူကပြောပါတယ်။
WHO ရဲ့လုပ်ငန်းဆောင်တာတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေဆီကို နည်းပညာအကူအညီများ ပေးအပ်ခြင်း၊ ရှားပါးတဲ့ ကာကွယ်ဆေးများ၊ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ကုသမှုများကို ဖြန့်ဝေရာမှာ ကူညီပေးတာ ၊ စိတ်ကျန်းမာရေးနဲ့ ကင်ဆာအပါအဝင် ကျန်းမာရေးအခြေအနေ ရာပေါင်းများစွာအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းတို့ကို ဆောင်ရွက်တာလည်းဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးက WHO အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။
ထရမ့်က WHO မှ အမေရိကန်ကို နုတ်ထွက်မှုဟာ COVID-19 ကို ကိုးကားဖော်ပြထားပြီး မှားယွင်းစွာကိုင်တွယ်မှုတွေ ၊ တာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာမှု ကင်းမဲ့မှုတွေကြောင့်လို့ ဆိုထားပါတယ်။
အမေရိကန် ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာနရဲ့အဆိုအရ ပျမ်းမျှအားဖြင့် အမေရိကန်ဟာ WHO သို့ အဖွဲ့ဝင်ကြေးအဖြစ် တစ်နှစ်လျှင် ဒေါ်လာ ၁၁၁ သန်းနဲ့ နှစ်စဉ် စေတနာ့ဝန်ထမ်း အလှူငွေအဖြစ် ဒေါ်လာ ၅၇၀ သန်းခန့် ပိုမိုပေးဆောင်နေရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမေရိကန်အကျိုးစီးပွားနဲ့မကိုက်ညီတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်နုတ်ထွက်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ref; AP
