အမေရိကန်ရဲ့ ယာယီဆေးရုံတစ်ခု နေပြည်တော်မှာဖွင့်လှစ် 

ဧပြီ ၁၀ ၊ နေပြည်တော်

ငလျင်ဘေးသင့်ခဲ့တဲ့ စစ်ကောင်စီအခြေစိုက်ရုံးအားလုံးတည်ရှိရာ နေပြည်တော်မှာ အမေရိကန်နိုင်ငံက လာရောက်ပြီး ရွေ့လျားဆေးရုံတစ်ခုကို ဖွင့်လှစ်ကာ ဆေးကုသပေးနေတယ်လို့ မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။ 

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အားကစားကွင်းမှာ အမေရိကန်အခြေစိုက် စိန့်မာတင် Pruse ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့ ရွေ့လျားဆေးရုံတစ်ခုတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဧပြီလ ၄ ရက်နေ့မှာ ရောက်ရှိလာတဲ့ ဆေးကုသမှုအဖွဲ့ဟာ ဧပြီလ ၇ ရက်နေ့ကစတင်ပြီး ဆေးကုသမှုတွေ စတင်လုပ်ဆောင်ခဲ့ရာ လူနာ ၂၀ ကို ခွဲစိတ်ကုသပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် လာမယ့်ရက်တွေမှာလည်း အထူးကြပ်မတ်ဆောင် တစ်ခုနဲ့ ခွဲစိတ်ခန်းနှစ်ခန်းကို တိုးချဲ့ပြီး ဆောက်လုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။ 

အဲ့ဒီရွေ့လျားဆေးရုံက ကုတင် ၆၀ ဆန့်ဆေးရုံတစ်ခုဖြစ်ပြီး လူနာမျိုးစုံ ၊ ခွဲစိတ်ကုသမှု အမျိုးမျိုးတို့ကို လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဌက အခုလို ဆေးကုသမှုစေလွှတ်ပေးခဲ့တဲ့  အမေရိကန် အစိုးရနဲ့ အမေရိကန်ပြည်သူကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ 

ဧပြီလ ၉ ရက်နေ့အထိ  နိုင်ငံ ၂၂ နိုင်ငံမှ လေယာဉ်အခေါက်ရေ ၁၀၆ ခေါက်ရောက်ရှိပြီး ကယ်ဆယ်ရေးဝန်ထမ်း ၁,၇၀၀ ကျော် ၊ ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၁,၄၀၀ ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၁,၁၀၀ ကျော်ရောက်ရှိခဲ့ပြီလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ 

မြန်မာ့ငလျင်ကူညီကယ်ဆယ်ရေးအတွက် အမေရိကန်၊ တရုတ်၊ အိန္ဒိယ ၊ ရုရှား စတဲ့ နိုင်ငံတွေက  ယာယီဆေးရုံတွေကို နေပြည်တော် ၊ မန္တလေး ၊ စစ်ကိုင်းမြို့တွေမှာ ဖွင့်လှစ်ပြီး ဆေးကုသပေးနေပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *