

ဧပြီ ၈ ၊ ဝါရှင်တန်
အမေရိကန်နဲ့ အီရန်တို့အကြား နှစ်ပတ်ကြာ ယာယီအပစ်ခတ်ရပ်စဲရေးကို စတင်လိုက်ပြီဖြစ်ကြောင်း ဒီနေ့ မနက်ပိုင်းမှာပဲ ကြေညာလိုက်ပါတယ်။
အပစ်ခတ်ရပ်စဲရေးသဘောတူပြီးတဲ့နောက် အီရန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်နားထားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုထားပါတယ်။
စစ်ပွဲအစကတည်းစလို့ ဒီနေ့အထိ ပစ်မှတ်ပေါင်း တစ်သောင်းသုံးထောင်ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အမရိကန်စစ်တပ်ကပြောပါတယ်။
“ နှစ်ပတ်ကြာ ယာယီအပစ်ခတ်ရပ်စဲရေးလုပ်ဆောင်သွားမှာဖြစ်ပြီး အီရန်အနေနဲ့လည်း ဟောမုခ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ သဘောတူတယ်” လို့ အမေရိကန်သမ္မတ ထရမ့်က ဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Araghchi က နှစ်ပတ်အတွင်း အီရန်စစ်တပ်ဟာ Hormuz ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းသွားလာရေးကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ အီရန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိကြောင်း ပြောကြားပြီး နှစ်နာရီအကြာမှာပဲ အီရန်နိုင်ငံပိုင် IRIB သတင်းဌာနမှ ထုတ်လွှင့်ခဲ့တဲ့ ကြေညာချက်ထဲမှာ အီရန်အထွတ်အထိပ်ခေါင်းဆောင်က စစ်တပ်ကို ပစ်ခတ်မှုများရပ်တန့်ဖို့ ညွှန်ကြားထားပါတယ်။
“ဒီဟာက စစ်ပွဲရဲ့အဆုံးမဟုတ်သေးပေမယ့် စစ်ဘက်ဆိုင်ရာဌာနအားလုံးဟာ အမြင့်ဆုံးခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာပြီး သူတို့တွေရဲ့ ပစ်ခတ်မှုတွေကို ရပ်တန့်သင့်တယ်” လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
အမေရိကန်နဲ့အတူ အီရန်ကို တိုက်ခိုက်နေတဲ့ အစ္စရေးကလည်း အပစ်ခတ်ရပ်စဲရေးကို သဘောတူကြိုဆိုပြီး လက်ဘနွန်ကတော့ မပါဝင်ဘူးလို့ဆိုပါတယ်။
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာချက်ကြောင့် ရေနံစျေးနှုန်းတွေလည်း ထိုးကျလာနေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စံနှုန်းဖြစ်တဲ့ ရေနံံစိမ်း တစ်စည်ဟာ ဟာ ၁၂.၇၈ ရာခိုင်နှုန်း၊ ဒေါ်လာ ၉၅.၃၁ အထိ ကျဆင်းလာနေခဲ့တာလည်းဖြစ်ပါတယ်။
