မေ ၁၉ ၊ တောင်ကြီး
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရဲ့ တပ်သားတွေဟာ ရှမ်းအရပ်သားတစ်ဦးကို မီးမြိုက်ပြီး စစ်ဆေးမေးမြန်းနေသည့် ရုပ်သံဖိုင်ထွက်ပေါ်လာပြီးနောက် ဒီလုပ်ရပ်က လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ကျူးလွန်သူတွေကို အရေးယူဖိို့အတွက် ရှမ်းအရပ်ဘက်အဖွဲ့အစည်း (၃၀)က မေလ ၁၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
“ အဓိကအကြောင်းအရာကတော့ သူတို့က လူ့အခွင့်အရေးကိုချိုးဖောက်တယ်။ ဘယ်လိုပဲကြည့်ကြည့် လူကိုမီးကင်ပြီးတော့ စစ်ဆေးမေးမြန်းတာက အရပ်ဘက်မှာရော၊ စစ်ဘက်မှာရော ဒါက လူ့အခွင့်အရေးချိုးဖောက်တာပဲဖြစ်ပါတယ်။ သူတို့တွေဘယ်သူပဲဖြစ်နေပါစေ ဒီလိုကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့ အပြစ်ပေးတာကိုခံရသင့်တယ်။ ဒါက တရားမျှတမှုကိုလိုချင်တာလည်းဖြစ်တယ်။” လို့ ရှမ်းအရပ်ဘက်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောပြပါတယ်။
လူ့အခွင့်အရေးကြေညာစာတမ်း ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ ၊ လူ့ဂုဏ်သိက္ခာ၊ စစ်စည်းမျဉ်းစည်းကမ်း စတဲ့ အခြေခံလူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်ထားတာဖြစ်တယ်လို့ ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေကို ဆိုပါတယ်။
မီးမြိုက်စစ်ဆေးခံရတဲ့သူဟာ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ဖောင်းဆိုင်ရွာတွင် နေထိုင်သူ ဦးဝါလဖြစ်ပြီး လူ့မှုကွန်ရက်စာမျက်နှာတွေမှာ သူသေဆုံးသွားပြီလို့ ဆိုပေမယ့် SSPP/SSA ရဲ့ပြောဆိုမှုအရ အသက်ရှင်လျက်ရှိနေသေးတယ်လို့ပြောဆိုထားပါတယ်။
အခုလို စစ်ဆေးမေးမြန်းမှုတွေကို ရုပ်သံရိုက်ပြီး အွန်လိုင်းပေါ်ဖြန့်ဝေမှုတွေဟာလည်း ရှမ်းလူထုတွေကြား အကြောက်တရားတွေရှိလာအောင် လုပ်နေတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
“ သူတို့လုပ်တဲ့နည်းဟာ ရှမ်းလူထုတွေအကြောက်တရားရှိလာအောင်တည်ဆောက်သလိုဖြစ်နေတာ၊ နှလုံးသားထဲမှာ အကြောက်တရားတွေရှိလာအောင်လုပ်နေတာပဲ “ လို့ ရှမ်းလူငယ်တစ်ဦးကပြောပါတယ်။
SSPP/SSA က ဒီဖြစ်ရပ်အတွက် ဝန်ခံတောင်းပန်ကြောင်း ၊ ဒီလိုဖြစ်လာရတဲ့အကြောင်းတရားဟာလည်း RCSS/SSA ကြောင့်ဟု ပြောဆိုထုတ်ပြန်ထားပါတယ်။