အာဆီယံအထူးကိုယ်စားလှယ်ကမြန်မာငြိမ်းချမ်းရေးအတွက်အခြေအနေတွေကိုရှာဖွေနေ 

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က လာမယ့်အပတ်ထဲမှာ မြန်မာနိုင်ငံကို ရောက်လာမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၈ ရက်နေ့မှာ ပြောလိုက်ကြောင်း ရိုက်တာသတင်းဌာနမှာရေးသားထားပါတယ်။ 

အထူးကိုယ်စားလှယ် ပရက်ဆောခွန်းက မြန်မာပြည်ခရီးစဉ်အတွင်းမှာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံပြီး  အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့ ဆွေးနွေးချင်တယ်လို့ဆိုပါတယ်။ 

အာဆီယံက ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက မြန်မာစစ်ဗိုလ်ချုပ်တွေကို ဒေသတွင်း ထိပ်သီးအစည်းအဝေးပွဲတွေတက်ဖို့ တားမြစ်ခဲ့ပြီး အာဆီယံဘုံသဘောတူညီမှုကို အကောင်အထည်မဖော်မချင်း မတက်ရောက်ဖို့ ကန့်သတ်ထားကြပါတယ်။​

“ အထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးခရီးစဉ်မှာ  အဖွဲ့ဝင်တွေအားလုံးနဲ့ တွေ့ဆုံရေး ၊   အကြမ်းဖက်မှုရပ်တန့်အောင်လုပ်ဆောင်ဖို့ အားလုံးလက်ခံနိုင်တဲ့အခြေအနေတစ်ခုကို ဖန်တီးဖို့ရည်ရွယ်ထားပါတယ်” လို့ ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ချန်ဆန်ရီက ရိုက်တာဆိုပြောပါတယ်။ 

မတ်လ ၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ ခရီးစဉ်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးသွားမယ်ဆိုတာ ပြောဆိုဖို့ အချိန်မတန်သေးဘူးလို့လည်း သူကဆက်ပြောခဲ့ပါတယ်။ 

ဒီခရီးစဉ်မှာ အထူးကိုယ်စားလှယ်က နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့်ရမှာမဟုတ်တဲ့အကြောင်း စစ်ကောင်စီတွေဘက်က ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *