မတ် ၂၁ ၊ နေပြည်တော်
အာဆီယံဆိုင်ရာမြန်မာအထူးကိုယ်စားလှယ် ပရက်ဆိုခွန်းက သူ့ရဲ့တရားဝင်မြန်မာပြည်ခရီးစဉ်ကို ကိုဒီနေ့မတ်လ ၂၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။
ဒီနေ့မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီဘက်က အာဏသိမ်းတဲ့ဖြစ်စဉ် ၊ ဆန္ဒပြပွဲနောက်ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်တွေအကြောင်းသာ ရှင်းပြခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဘက်က ပြောဆိုမှုတွေကိုတော့မတွေ့ရသေးပါဘူး။
အထူးကိုယ်စားလှယ်က မြန်မာပြည်မလာခင်က သတင်းထုတ်ပြန်မှုမှာ “အကြမ်းဖက်မှုအဆုံးသတ်ခြင်းဆီသို့ ဦးတည်သွားသော အခြေအနေတစ်ရပ်ကို ဖန်တီးရန် ရည်ရွယ်သည်” နဲ့ “သက်ဆိုင်သူအားလုံးအကြား နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ/ ဆွေးနွေးပွဲများကို အားပေးခြင်း” ဖြစ်သည်ဟု ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီခရီးစဉ်မှာ NLD ပါတီ အပါအဝင် တခြားနိုင်ငံရေးပါတီတွေနဲ့လည်းတွေ့ဆုံဖို့ရှိနေတယ်လို့သိရပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဆုံဖို့အစီအစဉ်က အချိန်မရတဲ့အတွက် တွေ့ဆုံမှာမဟုတ်ဘူးလို့ အစောပိုင်းကထုတ်ပြန်ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်က အကြမ်းဖက်အုပ်စုတွေကို အားပေးအားမြောက်ပြုတာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို အလေးမထားကြောင်း ဝေဖန်ထားပါတယ်။
အထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တွေ့ဆုံဖို့ကိုလည်း စစ်ကောင်စီဘက်က တားမြစ်ထားလို့ တွေ့ဆုံနိုင်မှာမဟုတ်သလို အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့်တို့နဲ့လည်း တွေ့ခွင့်ရမှာမဟုတ်ကြောင်း သိရပါတယ်။
အာရှပစိဖိတ်ဒေသအကြောင်းသတင်းစာတစ်ခုဖြစ်တဲ့ The Diplomat သတင်းစာကတော့ စစ်ကောင်စီက သူ့ရဲ့သတ်မှတ်ထားတဲ့အချက်တွေနဲ့သာ အထူးကိုယ်စားလှယ်ကို တွေ့ဆုံခြင်းဖြစ်တယ်လို့ ရေးသားပြောဆိုထားပါတယ်။