


ဧပြီ ၁၈ ၊ ဘန်ကောက်
အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ဟာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကို တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့အရေးမှာ ယုံကြည်မှု တည်ဆောက်ရေးဟာ မရှိမဖြစ်လိုအပ်နေဆဲဖြစ်ပြီး အာဆီယံရဲ့ ဦးဆောင်ကြိုးပမ်းမှုဟာလည်း အရေးကြီးနေဆဲဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ဒီနေ့မှာပြောဆိုလာပါတယ်။
အာဆီယံအနေနဲ့ ငြိမ်းချမ်းရေး ၊ ပြန်လည်သင့်မြတ်ရေးတွေအတွက် အားလုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဧပြီလ ၁၇ ရက်နေ့မှာ ဘန်ကောက်မြို့မှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နဲ့ စစ်ကောင်စီဥက္ကဌ တို့တွေ့ဆုံပြီး လူသားချင်းစာနာမှုအကူအညီတွေ ရရှိရေး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအကြောင်း တွေကို ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။
စစ်ကောင်စီကတော့ ငလျင်ပြန်လည်ထူထောင်ရေး အာဆီယံရဲ့ ဆက်လက်ကူညီဆောင်ရွက်နိုင်ရေး ၊ မြန်မာ-အာဆီယံ ပူးပေါင်းဆောင်ရွင်ရေးကိစ္စကိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မလေးရှားဝန်ကြီးချုပ် နဲ့ တွေ့ဆုံမှုမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာထပ်ထရာလည်း ပါဝင်တက်ရောက်ခဲ့ပြီး သူဟာလက်ရှိမှာတော့ အာဆီယံဥက္ကဌရဲ့ သတင်းအချက်အလက် အကြံပေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။
ဒီနေ့ ဧပြီလ ၁၈ ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ်က NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ မိနစ်လေးဆယ်ကြာ အွန်လိုင်းကနေတွေ့ဆုံခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွင်း အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လိုအပ်သူတွေလက်ထဲ အမြန်ဆုံးရောက်ရေးကို အလေးထားဆွေးနွေးခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ်နဲ့ NUG တို့က ထုတ်ပြန်လာပါတယ်။
NUG ကတော့ အာဆီယံ ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြင့်ဆောင်ရွက်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေကို ထိရောက်စွာ ဖြန့်ဝေနိုင်ရေးတွေကိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန်းဝင်းခိုင်သန်းက သင့်တော်တဲ့အချိန်မှာ NUG နဲ့ မလေးရှားဝန်ကြီးချုပ်တို့ကြား လူချင်းတွေ့ဆုံနိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်မှာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို မြန်မာအပါအဝင် အာဆီယံနိုင်ငံအသီးသီးက သဘောတူထားကြပါတယ်။