အာဏာသိမ်းပြီးတဲ့နောက်  လောင်းကစားတွေပေါ်တင်ပြုလုပ်လာ 

ဇွန် ၂ ၊ ဗန်းမောက် 

ဗန်းမောက်မြို့ပေါ်အနီးနားဖြစ်တဲ့ အောင်သာကုန်းရပ်ကွက်အနီးနားမှာ ညနေတိုင်း လောင်းကစားဝိုင်းတွေက နေ့စဉ်နီးပါးရှိပြီး ပေါ်တင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြောဆိုနေကြပါတယ်။ 

“ ပွဲမဟုတ်ရင် အောင်သာကုန်းချောင်းရဲ့တောင်ဘက်ကလည်းရှိတယ်။  ပွဲမရှိပဲလုပ်ထားတာ ၊ အမြဲတမ်းရှိတာဟုတ်တယ်။ ဟိုတစ်ရက်က ဗန်းမောက်သွားတုန်းက ကြည့်ခဲ့တာဟုတ်တယ်။ ဂျင်ဝိုင်းရော ၊ ဒိုး ၊ ခြောက်ကောင်တွေရောပါ့ “ လို့  အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့ အောင်သာကုန်းကျေးရွာနဲ့ မြစ်သေးချင်းကျေးရွာကြားမှာ နေ့လည်ကနေစ ညတိုင်းနီးပါး ဒီလိုလောင်းကစားဝိုင်းတွေရှိနေတာ လနဲ့ချီရှိနေပြီလို့လည်း စုံစမ်းသိရှိရပါတယ်။ 

ဒီလိုလောင်းကစားပြုလုပ်နေတဲ့ နေရာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ အကွာအဝေးအားဖြင့် ၅ ဖာလုံကျော်ရှိပြီး ၅ မိနစ်အတွင်း ရောက်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ 

လောင်းကစားတွေပေါများလာတာကြောင့် ဗန်းမောက်မြို့ပေါ်နဲ့ နယ်ဘက်ကျေးလက်တွေမှာ ခိုးမှုတွေက နေ့စဉ်နှင့်အမျှ တိုးလာနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ 

“ ငါထင်တာကတော့ လောင်းကစားဝိုင်းတွေထောင်တဲ့ကောင်တွေလာတဲ့အခါမှာ အစုံပါလာတာနေမယ်။ လူတွေကလည်း ပိုစုံလာတယ်။ အခုက မင်းဆိုင်ကယ်တွေက နေ့တိုင်းပျောက်နေတာ ၊ အသစ်တွေကြီးပဲ​“​ လို့ ဗန်းမောက်မြို့ပေါ် ဒေသခံတစ်ဦးက ပြောပါတယ်။ 

လောင်းကစားဝိုင်းတွေဖြစ်တဲ့ ဂျင် ၊ ကြက်တိုက် စတာတွေက နေ့လည်ပိုင်းမှာဖြစ်ပြီး ခြောက်ကောင်ဂျင် ၊ ဒိုးတွေက ညအချိန်ကနေစ မိုးလင်းခါနီးထိ ပွဲစည်တယ်လို့ သိရပါတယ်။​

သို့ပေမယ့်လည်း ဒီလိုလောင်းကစားမှုတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်တယ်ဆိုပြီး တစ်ကြိမ်မျှ မကြားဖူးကြောင်းလည်း ပြောကြပါတယ်။ 

ဗန်းမောက်မြို့နယ်ထဲက ရွှေမှော်တွေမှာ လောင်းကစားဝိုင်းတွေကို ပွဲလမ်းသဘင်တွေပြုလုပ်တဲ့အချိန်မှာ ပါလေ့ရှိပြီးတော့ လက်ရှိမှာ နေ့စဉ်နီးပါး လောင်းကစားဝိုင်းတွေမှာ စည်ကားနေတယ်လို့လည်း စုံစမ်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *