ဇူလိုင်၂၆၊အိန္ဒိယ
ပဋိပက္ခဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်းကို ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ခုနှစ်ရာကျော်ကို နေရပ်ချက်ချင်းပြန်ဖို့ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့ အိန္ဒိယအခြေစိုက်သတင်းတွေမှာဖော်ပြပါတယ်။
မြန်မာစစ်တပ်နှင့်ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲများကြောင့် ကလေးငယ် ၃၀၁ ဦး အမျိုးသမီး ၂၀၈ ဦးအပါဝင် မြန်မာနိုင်ငံသား ၇၁၈ ဦးဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ချန်ဒဲလ်ခရိုင်းတွင်းသို့ဝင်ရောက်ခဲ့ကြောင်း ဖော်ပြပါတယ်။
ပြည်နယ်အစိုးရက အာသံခရိုင် ရိုင်ဖယ်တပ်ကို မြန်မာနိုင်ငံသားတွေဟာ ခွင့်ပြုစာရွက်စာတမ်းမပါပဲ ချင်ဒဲလ်ခရိုင်အတွင်း မည့်သို့ဝင်ရောက်လာခဲ့သည်ကို မေးမြန်းထားပြီး ချက်ချင်းပြန်ပို့ဖို့ကိုလဲ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
“ ပြည်နယ်ဘက်က အာသံရိုင်ဖယ်တပ်ကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၁၈ ဦးကို တွေကို ချက်ခြင်းပြန်ပို့ဖို့အတွက် တင်းတင်းကြပ်ကြပ်အကြံပြုထားတယ်”လို့ ပြည်နယ်အတွင်းရေးမှူးချုပ်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံသား ခုနှစ်ရာကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ၊ ၂၃ ရက်နေ့မှာ မဏိပူရပြည်နယ်ထဲက ဒေသ ၇ ခုမှာရောက်ရှိနေထိုင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံနေသည့် မြန်မာစစ်ရှောင်များ၏ ဓာတ်ပုံများနှင့် ကိုယ်ရေးအချက်အလက်များကို အတိအကျ ကောက်ယူသိမ်းဆည်းထားဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖဝါရီလ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတွင်း စစ်ကောင်စီနှင့်ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲများကြောင့် အိန္ဒိယ နိုင်ငံ မီဇူရမ်ပြည်ကို မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသား ကလေးငယ်များအပါဝင် ၃၅၀၀၀ ဝင်ရောက်လာခဲ့ပြီး မဏိပူရပြည်နယ်ထဲကို ၅၀၀၀ ခန့် ဝင်ရောက်ခိုလှုံခဲ့ကြတယ်လို့လဲ ဆိုပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်က မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၄၀၀ ခန့်နယ်စပ်ချင်းထိစပ်နေပြီး မီဇူရမ်ပြည်နယ်က ကီလိုမီတာ ၅၁၀ ခန့်ထိစပ်နေတာလည်းဖြစ်ပါတယ်။