


ဇန်နဝါရီ ၂၃ ၊ အာသံ
အိန္ဒိယနိုင်ငံအတွင်းမှာရှိနေတဲ့ တိုင်း/ရှမ်း တိုင်းရင်းသားတို့ရဲ့ စည်းလုံးညီညွှတ်ရေးကို ရည်ရွယ်တဲ့ သွေးချင်းပွဲတော် တတိယအကြိမ်ကို အာသံပြည်နယ် ဆာဒီယာမှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။
“ မနှစ်ကနဲ့ မတူညီတာကတော့ ပွဲတော်တစ်ခုတည်းကို နေရာအမျိုးမျိုးမှာ ကျင်းပတာ။ မနှစ်က တတိယအကြိမ်မြောက် UTESCO တိုင်းလူမျိုးစုယဉ်ကျေးမှုပွဲတော်ကို ဒီဘရူဂါ (အာသံ)၊ တန်ဂါခတ်မှာ ကျင်းပခဲ့ပြီး ဒီတစ်ခါတော့ အာသံ၊ ဆာဒီယာမှာ ကျင်းပတာပါ” လို့ ပွဲတော်ကို ရောက်ရှိခဲ့တဲ့သူ တစ်ဦးက ပြောပြပါတယ်။
ဒီပွဲတော်တဲ့ရည်ရွယ်ချက်က အိန္ဒိယနိုင်ငံအတွင်းက တိုင်း/ရှမ်း လူမျိုးတွေဟာ အားနည်းလာပြီး စည်းလုံးညီညွှတ်ဖို့လိုအပ်နေသလို စည်းလုံးမှုတွေကို ပိုမိုခိုင်မာလာစေဖို့ကျင်းပကြတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ပွဲတော်မှာလည်း စာတမ်းဖတ်ကြားတာတွေ ၊ လူငယ်တွေရဲ့အမြင်တွေကို ဆွေးနွေးတာတွေနဲ့ အကယဉ်ကျေးမှုဖော်ထုတ်တဲ့အစီအစဉ်တွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း အာသံပြည်နယ်မှာ ရှမ်းရိုးရာပွဲတော်နှင့် နိုင်ငံတကာ ရှမ်းလူငယ်ပွဲတော်ကို ကျင်းပခဲ့ပါတယ်။
ရှမ်းမိသားစုများအချင်းချင်း နွေးထွေးစွာတွေ့ဆုံလိုမှုနဲ့ နိုင်ငံတကာ ရှမ်းလူငယ်တွေကြား ပိုမိုရင်းနှီးမှုတွေရှိလာဖို့ ရည်ရွယ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်တဲ့ UTESCO မှ ဆန်ဂျစ်ရာဂျကူးမား က ပြောပြပါတယ်။
ရိုးရာယဥ်ကျေးမှုနဲ့ လူမှု့အဖွဲ့အစည်းဆိုင်ရာ ညီညွှတ်သောရှမ်းတိုင်းရင်းသားများ (UTESCO) အဖွဲ့က ရှမ်းရိုးရာပွဲတော်ကို စတုတ္ထအကြိမ်ကျင်းပတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ အိန္ဒိယနိုင်ငံအတွင်း သျှမ်းမျိုးနွယ်စု (၆) ခုဖြစ်တဲ့ Tai Ahom (တႆးဢႃႇႁူမ်ႇ)၊ Tai Khamti (တႆးၶမ်းတီႈ)၊ Tai Phake (တႆးၽႃၵေး)၊ Tai Aiton (တႆးဢၢႆႈတွၼ်း)၊ Tai Kham Yang (တႆးၶမ်းယၢင်း) နှင့် Tai Turung (တႆးတူးရုင်း) တို့ နေထိုင်ကြပါတယ်။
