ဇန်နဝါရီ ၂၉ ၊ နေပြည်တော်
Covid19 မျိုးကွဲသစ် အိုမီခရွှန်ရောဂါပိုးက မြန်မာပြည်တွင်းမှာ ကူးစက်မှုစတင်တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့ညမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီပြည်တွင်းမှာ အိုမီခရွှန်ရောဂါပိုးတွေ့ရှိမှုက စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် နှင့် ကလေးမြို့နယ်တွေဆီကနေ တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
မနေ့ညက စစ်ကောင်စီက ထုတ်ပြန်တဲ့ အိုမီခရွှန်ရောဂါပိုးတွေ့တဲ့စာရင်းတွေထဲမှာ တမူးမြို့က (၄၈) ဦး နဲ့ ကလေးမြို့က (၂၀) ဦး အပြင် အဲ့ဒီမြို့တွေကနေ ရောက်ရှိလာသူစစ်ဆေးရာမှာလည်း တစ်ဦးကို အိုမီခရွှန်တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်ပနိုင်ငံကနေ ပြန်လာသူ တွေကို စစ်ဆေးရာမှာ (၃) ဦးကိုလည်း တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာ မြန်မာပြည်မှာ အိုမီခရွှန်ရောဂါပိုး တွေ့ရှိသူစုစုပေါင်း (၂၈၃) ဦးထိတွေ့ရှိထားပြီလည်းဖြစ်ပါတယ်။
အိုမီခရွှန်ရောဂါပိုးတွေတွေ့ရှိမှုစတင်လာတဲ့အခါမှာပဲ စစ်ကောင်စီက မြန်မာပြည်ထဲမှာ ပျော်ပွဲရွှင်ပွဲတွေကို ပြုလုပ်ဖို့ ပြင်ဆင်မှုတချို့တွေ ရှိနေတာကို တွေ့မြင်ရပါတယ်။
လာမယ့် စိန်ရတု ပြည်ထောင်စုနေ့အတွက် ဗိုလ်ရှုခံပွဲအပြင် ပြည်ထောင်စုနေ့နဲ့ ဆက်စပ်တဲ့ ပွဲလမ်းတွေကိုလည်း ပြုလုပ်ဖို့ပြင်ဆင်မှုတွေလည်း ရှိနေပါတယ်။