အောက်တိုဘာလ ဒုတိယအပတ်အတွင်း မိုးညှင်းမြို့နယ်မှာ သိန်းပေါင်း ၅၇၀ တန်းဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

အောက်တိုဘာ ၁၂ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်မှာ အောက်တိုဘာလ ဒုတိယအပတ်အတွင်း သိန်းပေါင်း ၅၇၀ တန်းဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့တယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ CCDAC MYANMAR ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ သိန်းပေါင်း ၅၇၀ တန်းဖိုးရှိ ဘိန်းဖြူတွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များက မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာအနီးမှာ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ဖမ်းဆီးရမိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဘိန်းဖြူတွေကို ကသာမြို့မှ ဟိုပင်မြို့ကို ပြေးဆွဲသည့် ခရီးသည်တင်မော်တော်ယာဥ်ပေါ်က ခရီးသည်အမျိုးသမီးတစ်ဦး သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းအတွင်းကနေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ခရီးသည်အမျိုးသမီးသယ်ဆောင်လာသည့် ဘိန်းဖြူသည် ၂.၂၈ ကီလို ရှိပြီး ကာလတန်ကြေးအရ ကျပ်သိန်းပေါင်း ၅၇၀ တန်ဖိုးရှိပါတယ်။

မခင်နန်းဝင်း အသက် (၄၅) နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ မိုးညှင်းမြို့မ ရစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာအနီးမှာ မဒေါင်ယန်(ခ)မာထု မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အလေးချိန် ၃၉၆ ဂရမ်ရှိတဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

စက်တင်ဘာလမှာ မိုးညှင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးမိခဲ့ခြင်းမရှိပေမယ့်  ဩဂုတ်လတစ်လအတွင်းမှာပဲ မိုးညှင်းမြို့နယ်မှာ  နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား ကျပ်သိန်း နှစ်ထောင့်ရှစ်ရာကျော်ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *