
ဇွန် ၂၇ ၊ ရန်ကုန်
ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ကောင်စီဥက္ကဌက ဥရောပ-အာရှစီးပွားရေးသမဂ္ဂ(EAEU)ရဲ့ လေ့လာသူနိုင်ငံအဖြစ် ထောက်ခံပေးကြဖို့ တောာင်းဆိုလိုက်ပါတယ်။
မနေ့က ဘယ်လာရုစ်နိုင်ငံမှာကျင်းပတဲ့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် ၂၀၂၅ ရဲ့ အစည်းအဝေးမှာ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
“မြန်မာနိုင်ငံကို ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရေးအတွက် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးပါရန် မိမိိအနေနဲ့ အလေးအနက်ထား မေတ္တာရပ်ခံလိုပါတယ်” လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဒီသမဂ္ဂရဲ့ နိုင်ငံတွေရဲ့နယ်နိမိတ်တည်ရှိမှုတွေကိုလေးစားတာ၊ နိုင်ငံတကာစံနှုန်း အခြေခံမူတွေကို လေးစားတာ နဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ယူတယ်လို့ စစ်ကောင်စီကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ EAEU တို့က ၂၀၂၂ ခုနှစ်ကတည်းက ထိတွေ့ဆက်ဆံမှုတွေရှိခဲ့ပြီး ၊ ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ ၊ ပညာရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ကို EAEUနဲ့ ဥရောပ-အာရှစီးပွားရေးကော်မရှင် (EEC) ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့သလို နားလည်မှုစာချွန်လွှာတွေ ကိုလည်း လက်မှတ်ရေးထိုးမှုတွေရှိထားတာဖြစ်ပါတယ်။
EAEU အဖွဲ့ကို ၂၀၁၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရုရှားဦးဆောင်တဲ့ ယခင်ဆိုဗီယက်ပြည်ထောင်စုထဲက နိုင်ငံ ငါးနိုင်ငံက ဒီအဖွဲ့ထဲပါဝင်တာလည်းဖြစ်ပါတယ်။
ဒီအဖွဲ့ဝင်နိုင်ငံတွေမှာ လွတ်လပ်တဲ့ကုန်သွယ်မှု ၊ EAEU အဖွဲ့ဝင်နိုင်ငံအချင်းအချင်း လုပ်သား တွေ အလုပ်လုပ်ခွင့်ရှိတာ၊နိုင်ငံခြား စီးပွားရေးစာချုပ်တွေကိုချုပ်ဆိုတာတွေနဲ့ ငွေကြေးဆိုင်ရာပေါင်းစည်းမှုတွေကို လုပ် ဆောင်ဖို့အတွက် ရည်ရွယ်ထားကြတာလည်းဖြစ်ပါတယ်။
