ဧရာဝတီသတင်းဌာန၏ဖော်ပြခဲ့သည့် သတင်းဆောင်းပါးတစ်ပုဒ်သည် ရှမ်းနီလူမျိုးများ၏ လူမျိုးဂုဏ်သိက္ခာကို ထိပါးနေပြီး လူမျိုးရေးပဋိပက္ခကို လှုံ့ဆော်နေဟုဆို

ဩဂုတ် ၁၉ ၊ မိုးညှင်း 

ဧရာဝတီသတင်းဌာန ( The Irrawaddy) သတင်းဌာနက ဖော်ပြခဲ့သည့် သတင်းဆောင်းပါးတစ်ပုဒ်တွင် ရှမ်းနီလူမျိုးတို့၏ လူမျိုးဂုဏ်သိက္ခာကို ထိပါးနေပြီး လူမျိုးရေးပဋိပက္ခကို လှုံ့ဆော်နေသည်ဟု ရှမ်းနီ အမျိုးသားများ ညီညွတ်ရေး အစည်းအရုံးက သဘောထားကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ 

ဩဂုတ်လ (၁၀)ရက်နေ့ မိုင်းနောင်ရွာအတွင်း စစ်ကောင်စီတပ်များက ရွာအတွင်းပစ်ခတ်မှုကို အခြေတည်ပြီး ရေးသားထားသည့်ဆောင်းပါးတွင် အင်းတော်ကြီးဒေသအတွင်းရှိ ဌာနေပြည်သူ့စစ်များကို ရှမ်းနီပြည်သူ့စစ်ဟု ရေးသားဖော်ပြခဲ့သည်။ 

အစိုးရအဆက်ဆက်တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့စစ်များတွင် ရှမ်းနီလူမျိုးအမည်ဖြင့် ဖွဲ့စည်းခဲ့ခြင်းမရှိခဲ့ကြောင်း ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံးက ဆိုသည်။ 

ထို့အတွက်ကြောင့် စစ်ကောင်စီတပ်နှင့် ရှမ်းနီလူမျိုးများ လက်တွဲနေသကဲ့သို့ ထင်မှားအောင် ဖြစ်စေသည်ဟု ထုတ်ပြန်ထားသည်။ 

ထို့ပြင် ၁၉၇၆ ခုနှစ်  မိုးညှင်းမြို့ အရှေ့စု – အောင်သပြေ ဖြစ်စဉ် ၊ လုံးစန့်ကျေးရွာဖြစ်စဉ် များကိုလည်းပြန်လည်ဖော်ပြရာတွင် တစ်ဖက်သတ်ဖြစ်နေပြီး အချက်အလက်မှားယွင်းနေကြောင်း ထုတ်ပြန်ထားသည်။ 

ထို့အတွက် ဆောင်းပါး၏ နောက်ဆွဲတွဲ ရှမ်းနီ နှင့်ကချင်လူမျိုးစုများကြား ပဋိပက္ခပေါ်ပေါက်လာပါက ဧရာဝတီသတင်းဌာန၏ တာဝန်ဖြစ်ပြီး တရားဝင်တောင်းပန်ရန်အတွက်လည်း ပြောဆိုထုတ်ပြန်ထားသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *