ဧရာဝတီ ပထမမြစ်ကျဉ်းအနီးက ဒေသခံများ စစ်သားစုဆောင်းရေးဆွဲခံရ 

စက်တင်ဘာ ၁၁ ၊​ ဆင်ဘို 

 ဧရာဝတီမြစ် ပထမမြစ်ကျဉ်းအနီးမှာရှိတဲ့  ဆင်ဘိုမြို့ နဲ့ ပမ္မတီးကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ လဆန်းပိုင်းမှစပြီး ကချင်လွတ်မြောက်ရေးတပ် KIA မှ စစ်သားစုဆောင်းရေးအဖြစ်  ရွှေမျှောလုပ်ကိုင်နေသူများနဲ့ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

 “ ဧရာဝတီမြစ်ဘေးတစ်လျှောက် ပထမမြစ်ကျဉ်းအထက်နေပြီးတော့မှကြားထဲပေါ့နော် ပမ္မတီးနဲ့ကြားထဲမှာ အခုဒီမနေ့ကရယ် တနေ့ကရယ်ဆွဲလိုက်တာ၊ ဆွဲလိုက်တာ မြစ်ကမ်းဘေးရွာတွေနဲ့ မြစ်ဘေးမှာ မြစ်ထဲလုပ်နေတဲ့ တော်တော်များတော့ပါသွားတယ်အ ယောက် ၂၀ ထက်တော့မနည်းဘူး အဲမှာအဓိကလုပ်နေကြတဲ့  ရှမ်းတွေအများဆုံး”  လို့   ဆင်ဘိုမြို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

 စက်တင်ဘာလ ၇ ရက်နေ့ နဲ့ ၈ ရက်နေ့မှာ စစ်သားစုဆောင်းခံရသူ ၂၀ ဦးထက်မနည်းရှိပြီး ဒေသခံ ရှမ်းလူငယ်တွေအများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းမှ ဒေသခံတချို့လည်း ပါဝင်တယ်လို့သိရပါတယ်။ 

 စစ်သားစုဆောင်းခံရသူတွေကို နေ့ချင်းမှာပဲ  KIA ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ပို့ဆောင်လိုက်ပြီဖြစ်ပြီး  ကာယကံရှင်မိဘတွေအနေနဲ့ လိုက်လံစုံစမ်း ရွေးထုတ်နိုင်ရေးအတွက် ကြိုးပမ်းနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

 “ ကလေးတွေပါသွားတဲ့ မိဘတွေကတော့ ဒီတိုင်းပဲစောင့်ကြည့်ပြီးတော့မှ စိုးရိမ်နေကြတာပေါ့။ ဒီမှာကတော့ အဆွဲခံထားရတဲ့မိဘတွေကတော့ ဟိုလိုက်ရမလို ဒီလိုက်ရမလို ဖြစ်နေတယ်ပေါ့ အဲ့လိုမျိုးဆိုတော့ တစ်ချို့မိဘတွေကတော့လိုက်တာတော့လိုက်သွားကြပြီ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

 အခုလို စစ်သားစုဆောင်းရေးဆွဲခံရတဲ့ နေရာဟာ ပြီးခဲ့တဲ့ မတ်လမှာလည်း တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးတာဖြစ်ပြီး လူငယ် ၁၀ ကျော် ဖမ်းဆီးခဲ့ရပါတယ်။ 

 ဆင်ဘိုမြို့ကနေ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ကြောင်းက နေရာအများစုကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီက ဗန်းမာ်မြို့ဝန်းကျင်အနီးတဝိုက်သာ ထိန်းချုပ်ထားနိုင်တော့တာလည်းဖြစ်ပါတယ်​။

Leave a Reply

Your email address will not be published. Required fields are marked *