ဇန်နဝါရီ ၁၀ ၊ ဖားကန့်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာ တင်ပို့မှုမှရရှိတဲ့ နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်းရာနဲ့ ချီလျှော့ကျနေလို့ စစ်ကောင်စီရဲ့ စီးပွါးရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလမှ ဒီဇင်ဘာလ ၃၀ရက်အထိ ပြည်ပသို့ သတ္ထုတွင်းထွက်ပစ္စည်း တင်ပို့မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၂၂.၃၄၁ သန်း ရရှိခဲ့တာဖြစ်ပြီး ယခင်နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သန်း သုံးရာနီးပါးလျော့ကျနေတာလည်းဖြစ်ပါတယ်။
ဒီလိုလျော့ကျမှုတွေဟာ အကြောင်းအမျိုးမျိုးရှိနိုင်ပြီး ပြည်တွင်းက ထွက်ရှိတဲ့ ကျောက်စိမ်းနဲ့ ကျောက်မျက်တွေဟာလည်း တရားဝင်လမ်းကြောင်းကနေ ရောင်းဝယ်နေကြတာမဟုတ်ပဲ မှောင်ခိုစျေးကွက် ကြီးမားလာခဲ့ခဲ့တာဖြစ်ပြီး နိုင်ငံခြားသားတွေကိုယ်တိုင် တရားမဝင်ဝင်ရောက်လာဝယ်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်တွင်းမှာတော့ တရုတ်ပြည်က ကျောက်ကုန်သည်တွေ မှောင်ခိုလာပြီး ကျောက်လာဝယ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံ ကျောက်ပွဲစားတစ်ဦးက ပြောပါတယ်။
“ ပြည်ပကလူတွေ ဒီမှာ တရုတ်ကတွေ လာဝယ်တာတော့ရှိတယ်လေ။ အခွန်ဆောင်တာမရှိတော့ မှောင်ခိုပအေး ပြောမယ်ဆိုရင်။ မှောင်ခိုလာပြီးတော့ လာဝယ်ကြတာပေါ့လေ။ သူတို့ကလည်းအခွန်မ ဆောင်ဘူးလေ ဒီတိုင်းဝင်ပြီးဒီတိုင်းပြန်သွားတာကိုး” ဟု သူကပြောပြပါတယ်။
၂၀၂၂ ခုနှစ်ထဲမှာ တရုတ်နိုင်ငံသားအများအပြားက ဖားကန့်မြို့နေယ်အတွင်းကို နည်းမျိုးစုံနဲ့ ရောက်ရှိလာခဲ့ကြပြီး ကျောက်စိမ်းလုပ်ငန်းခွင်ထဲထိ လိုက်လံဝယ်ယူမှုတွေရှိနေတယ်လို့ သိရပါတယ်။