




ဇွန် ၁၂ ၊ နန့်မွန်း
အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားကာ နေအိမ်အတွင််း ၊ ကားလမ်းမပေါ်တွေမှာ ရေတွေဝင်ရောက်ခဲ့တယ်လို့ နန့်မွန်းမြို့ ရှမ်းကုန်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ ဟုတ်တယ်ရေကြီး ရေတွေဝင်တို့ပါ့မောင်၊ ငါတို့အိမ်ရှေ့မှာပါ့၊ မနက်တုန်းကပါ့ညယ်၊ ခါတိုင်းလိုမှ မများဘူး။ မိုးညတုန်းက ရွာတယ်လေ။ တစ်ရွာလုံးပဲပေါ့ ငါတို့ချောင်းအတိုင်းပါ့လေ။ “ လို့ သူကပြောပါတယ်။
ဇွန်လ ၁၁ ရက်နေ့ညမှာ မိုးရွာသွန်းပြီး အင်းတော်ကြီး ကပ်ကျော်တောင်မှ စီးဆင်းလာသည့်ချောင်း ၊ အင်ကြင်းတောမှ စီးလာသည့် ရေများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရပါတယ်။
‘’ ရေဝင်တာကတော့မောင်ရေ ချောင်းတွေ မြောင်းတွေက ဟို ဘယ်လိုပြောမလဲ တိမ်ကောပြီးတော့မှ သူ့နေရာနဲ့သူ မရှိတော့ ဒီလိုပါအေး ဖြာထွက်ခဲ့တော့တာပါ့။ ချောင်းက ဘယ်လိုပြောမလဲ ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်းကတွေက ချောင်းထဲကိုတွေ တိုးချဲ့ပြီးတော့မှ ခြံကာလိုက် ဘာလုပ်လိုက် ချောင်းက ပျောက်သလို ဖြစ်နေတာလေ။ ချောင်းကလည်း ကောခဲ့သလို ဖြစ်သွားတော့တာ။” လို့ နန့်မွန်းဒေသခံတစ်ဦးက ပြောပါတယ်။
လူနေရပ်ကွက်ထဲကို ချောင်းရေဝင်တာဟာ မနှစ်က စတင် ဝင်လာပြီး နှစ်ကြိမ် သုံးကြိမ် အထိ ရှိခဲ့ပြီးတော့ ဒီနှစ် ရေဝင်တာက နည်းသေးတယ်လို့ သူကဆက်ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ နန့်မွန်းမြို့ဟာ ရေကြီးမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ နှင့် ဩဂုတ်လတွေမှာဖြစ်ပွားခဲ့ကာ တံတားတစ်စင်းအပါအဝင် ဒေသခံတွေရဲ့ လယ်ယာထွက်ကုန်တွေနဲ့ ပစ္စည်းတချို့ ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အင်းတော်ကြီးဒေသ ဟဲပုကျေးရွာမှာ ဟဲပုချောင်းနဲ့ နမ့်သာယင်းချောင်းရေကြီးမှုကြောင့် တံတားတစ်စင်းကျိုးကျပျက်စီးခဲ့ပြီးစိုက်ပျိုးထားတဲ့ စပါးများဧကဆယ်နှစ်ချီ ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။