
မတ် ၁၂ ၊ ဟုမ္မလင်း
၄၉၉ နှစ်မြောက် ဒသမအကြိမ်မြောက် ရှမ်းနီအမျိုးသားနေ့ ကို ရှမ်းနီဒေသတွေမှာ ကျင်းပဖို့ပြင်ဆင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အခုနှစ် ၂၀၂၆ ခုနှစ်မှာတော့ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့ ၊ ဗန်းမောက်မြို့ ၊ မိုးကောင်းမြို့ ၊ ဝိုင်းမော် မြို့တွေမှာ ကျင်းပဖို့ ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။
မတ်လ ၁၃ ရက်နေ့ကို ရှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာတာ ဆယ်စုနှစ်တစ်ခုပြည့်လာခဲ့ပြီလည်းဖြစ်ပါတယ်။
“ ရှမ်းနီတွေအတွက်က ဒီအမျိုးသားနေ့က အင်မတန်မှ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ရှမ်းနီတွေက အမျိုးသားနေ့လိုမျိုးတွေ ၊ ရှမ်းနီတွေရဲ့ စည်းရုံးမှုအားကိုအင်မတန်ယူသင့်တယ်။ ကိုယ့်ရဲ့ပြည်နယ်ရရှိရေးအထိတောင် လျှောက်လှမ်းဖို့ အင်မတန်အရေးကြီးတယ်။ ဒါကြောင့်မို့လည်း ကြိုးစားကြရတာပေါ့လေ” လို့ ရှမ်းနီစာရေးဆရာ ဦးနန္ဒချစ်ထွန်းက ပြောပါတယ်။
ရှမ်းနီအမျိုးသားနေ့ကို ၂၀၁၆ ခုနှစ်မှာ ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်က စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အထိ မန္တလေးမြို့မှာ ကျင်းပခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှ ရှမ်းနီဒေသကမြို့တွေဖြစ်တဲ့ ဗန်းမောက် ၊ ဟုမ္မလင်း ၊ မိုးကောင်း မြို့တွေမှာ ကျင်းပပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ရှမ်းနီအမျိုးသားနေ့ကို ရည်ရွယ်ချက် (၄) ခုနဲ့ကျင်းပတာဖြစ်ပြီး မြို့၊ရွာ၊လယ်မြေ၊ မြစ်ချောင်း၊တောတောင်တွေကို မြတ်နိုးတန်ဖိုးထားဖို့၊ သမိုင်းယဉ်ကျေးမှုထုံးတမ်းတွေ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့ ၊ တိုးတက်ပြန့်ပွားအောင်ကြိုးစားဖို့ ၊ ရှမ်းနီဒေသနဲ့ ရှမ်းနီမျိုးနွယ်တွေ ပေါင်းစည်းနိုင်ဖို့ အတွက် လို့ဆိုထားပါတယ်။
ရှမ်းနီအမျိုးသားနေ့ကို မိုးညှင်းစဝ်လုံက မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ် ၊ တန်ခူးလဆန်း ၁၂ ရက် ၊ ခရစ်နှစ် ၁၅၂၇ ခုနှစ် မတ်လ ၁၃ ရက််နေ့မှာ “အင်းဝ”နေပြည်တော်ကို သိမ်းပိုက်ခဲ့တဲ့နေ့ကို သတ်မှတ်ကြတာလည်းဖြစ်ပါတယ်။
ဆယ်စုနှစ်တစ်ခုအတွင်းမှာ ရှမ်းနီအမျိုးသားနေ့ ကျင်းပဖို့အတွက် အတားအဆီးတွေကြုံခဲ့ရသလို တချို့ဒေသတွေမှာလည်း နိုင်ငံရေးအကန့်အသတ်တွေကြောင့် ကျင်းပခွင့်ရရှိဖို့ တားဆီးခံနေရဆဲလည်းဖြစ်တယ်လို့ ဦးဆောင်ကျင်းပပြုလုပ်သူတွေကဆိုကြပါတယ်။
