၅ နှစ်တာအတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့  ဘယ်လာရု သမ္မတ

နိုဝင်ဘာ ၂၈ ၊ နေပြည်တော် 

မြန်မာနိုင်ငံကို ၂၀၂၁ ခုနှစ်ကစလို့ နိုင်ငံအသီးသီးရဲ့ခေါင်းဆောင်တွေဟာ ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်တွေ မရှိခဲ့တာ ၅ နှစ်တာကြာမြင့်လာခဲ့တာဖြစ်ပြီး မနေ့က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဘယ်လာရုစ် သမ္မတက ရောက်ရှိလာခဲ့ပါတယ်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့စီးနင်းခဲ့တဲ့ လေယာဉ်ဟာ မြန်မာ့လေပိုက်နက်အတွင်း ဝင်ရောက်ချိန်မှာ ရုရှားထုတ် စတုတ္ထမျိုးဆက် တိုက်လေယာဉ် Su-30 သုံးစီးနဲ့ ကြိုဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားမှုအရ လာရောက်တဲ့ခရီးစဉ်ဖြစ်ပြီး စိုက်ပျိုးရေး ၊ ဆေးပါး နဲ့ စားနပ်ရိက္ခာထုတ်လုပ်ရေး ၊ မြန်မာ့စားသောက်ကုန်တွေကို ဘယ်လာရုစ်နည်းပညာတွေနဲ့ ပူးပေါင်းရေး လုပ်ငန်းတွေကို  ဆွေးနွေးဖို့ရှိတယ်လို့သိရပါတယ်။ 

ဘယ်လာရုစ်သမ္မတ ရောက်လာတဲ့မနေ့ကဘဲ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်တစ်ရပ်ကို ကျင်းပနေခဲ့ပြီး မြန်မာနိုင်ငံဘက်က UMFCCI နဲ့ ဘယ်လာရုစ် စက်မှု ကုန်သည်အသင်း BelCCI တို့ ပါဝင်ခဲ့ကြတယ်လို့ ထု်ပြန်ပါတယ်။ 

စီးပွားရေးဖိုရမ်ကနေ သဘောတူညီမှု စာချုပ်စုစုပေါင်း ၁၆ စောင်ကို သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါတယ်။ 

မြန်မာ နဲ့ ဘယ်လာရုစ်နိုင်ငံတို့က ၁၉၉၉ ခုနှစ်မှာမှ သံတမန်ဆက်ဆံရေးစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့တာလည်းဖြစ်ပါတယ်။ 

စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဘယ်လာရုစ်နိုင်ငံကို ၂၀၂၅ ခုနှစ်၊ မတ်လနဲ့ ဇွန်လတွေမှာ ဘယ်လာရုစ်နိုင်ငံကို ၂ ကြိမ်သွားရောက်ခဲ့ဖူးပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်ရေး ၊ လေ့ကျင့်ပေးရေး  နဲ့ မြန်မာ့လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်မှုကွပ်ကဲရေးစနစ် (MADOC)၊ V3D ရေဒါနည်းပညာနှင့် မြေပြင်အခြေစိုက်ဒုံးကျည်စနစ်တွေကို ပေးအပ်ခဲ့တယ်လို့ Justice for Myanmar က မနေ့က ထုတ်ပြန်ထားပါတယ်။ 

ဘီလာရုဇ်နိုင်ငံက “မြန်မာနိုင်ငံသို့ စစ်လက်နက်များစီးဝင်နေမှုကို တားဆီးရန်” နိုင်ငံများအား တောင်းဆိုသော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *