(၉)လနီးပါးပိတ်ထားတဲ့ မန္တလေး-အင်းတော်လမ်းပိုင်းကို ပြန်လည်ဖြတ်သန်းခွင့်ပြု

မေ ၅ ၊ အင်းတော် 

   စစ်ကိုင်းတိုင်းအတွင်းရှိ KIA+PDFပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားတဲ့ အင်းတော်မြို့လမ်းပိုင်းကို (၉)လနီးပါးအကြာ ပိတ်ထားပြီးတဲ့နောက်မှာ မနေ့က မေလ(၄)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖြတ်သန်းခွင့်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဖွင့်နေပြီဗျ  လမ်းဖွင့်တော့အဆင်ပြေသွားတာပေါ့ဗျာ မဟုတ်ရင်ကုန်စျေးနှုန်းနဲ့သေရချည်ရဲ့ ဒါပေမယ့် အင်းတော်မှာနေခွင့်တော့မပေးသေးဘူး မိုင်းရှင်းတာတွေလုပ်နေတုန်းမို့” ဟု မော်လူးမြို့အတွင်းနေထိုင်သူ လူငယ်တစ်ဦးက အခုလိုပြောပြပါတယ်။

အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် လမ်းပိုင်းဖြတ်သန်းခွင့်ပိတ်ထားတာဖြစ်ပြီး မကြာသေးမီ ဧပြီလ(၂၅)ရက်နေ့ကမှ စစ်ကောင်စီထံမှ ပူးပေါင်းတပ်ဖွဲ့များ မြို့ကိုအပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

လမ်းပိုင်းပြန်လည်ဖွင့်လှစ်ထားပေမယ့် မြို့အတွင်းကိုတော့နေထိုင်ခွင့်ပေးခြင်းမရှိသေးဘဲ မိုင်းရှင်းလင်းရေးများလုပ်ဆောင်နေသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်မှုများရှိနေကြကြောင်း   အင်းတော်မြို့ကနေ မော်လူးမြို့မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အင်းတော်မြို့ခံတစ်ဦးက ဆိုပါတယ်။ 

အဓိက က လေကြောင်းရန်ကိုကြောက်နေရတုန်းလေ တော်ကြာပြည်သူတွေက အိမ်တွေဘာတွေပြန်ဆောက်နေ ပြန်ဝင်နေပြီးမှ ဗုံးလာပြန်ကြဲနေရင် ပြည်သူတွေပဲသေကြပြန်မှာဆိုတော့ကာ နေခွင့်ပေးလဲမနေရဲကြသေးပါဘူး ဘယ်သူကမှတော့’

အင်းတော်ဖြတ်လမ်းပိုင်းကနေ မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကို တစ်ရက်ခရီးသာကြာမြင့်တာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေက ကွင်းလမ်းဖြတ်သန်းသွားလာရမှုတွေကြောင့် တစ်ညအိပ်ခရီး(သို့မဟုတ်) တစ်ပတ်နီးပါးကြာ သွားလာနေကြရတာလည်းဖြစ်ပါတယ်။ 

 အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ  စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ(၂၅)လမှာ အပြီးသတ်သိမ်းပိုက်ခဲ့ကာ (၈)လနီးပါးအကြာ တိုက်ခိုက်ခဲ့ရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *