ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ  နေအိမ်သို့ပြောင်းရွေ့ 

နေအိမ်သို့ရွေ့ပြောင်းကြောင်းသတင်းထုတ်ပြန်ချက်မှာတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

မေ ၁ ၊ နေပြည်တော် 

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဥက္ကဌ လည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်သို့ပြောင်းရွေ့လိုက်တယ်လို့ မနေ့က ကြေညာလာပါတယ်။ 

ကဆုန်လပြည့်နေ့မှာ ဦးမင်းအောင်လှိုင်က လူသားချင်းစာနာထောက်ထားမှု၊ မေတ္တာ၊ စေတနာအားဖြင့် ပြောင်းရွေ့လိုက်တာဖြစ်တယ်လို့ ပြောလာတာပါ။

နေအိမ်ပြောင်းရွေ့ကြောင်း သတင်းထုတ်ပြန်ရာမှာ အဖြူရောင်အင်္ကျီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရဲအရာရှိတစ်ဦး ၊ တပ်အရာရှိတစ်ဦးတို့ရဲ့ ဓာတ်ပုံကို တစ်ပါးတည်းထုတ်ပြန်လာပါတယ်။ 

“ ထောင်ဒဏ်လျှော့ပေါ့ခြင်းနဲ့ မသိနိူင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းခြင်းဟာ အခြေအနေကို မပြောင်းလဲစေပါဘူး။ မေမေဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲပါ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်က ဒီနေ့မှာပဲ လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း  ယုံကြည်ခိုင်မာတဲ့ သက်သေ ၊ အတည်ပြုနိုင်တဲ့အချက်အလက် ၊ ဆက်သွယ်ခွင့် နဲ့ လွတ်မြောက်ရေးကို တောင်းဆိုတယ်လို့ သူက ဆက်ပြောထားပါတယ်။ 

နေပြည်တော် အကျဉ်းထောင်ကနေ နေအိမ်ကိုရွေ့ပြောင်းကြောင်းထုတ်ပြန်ထားပေမယ့် ရွေ့ပြောင်းတဲ့နေရာကိုထုတ်ပြန်ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံဟာ  ငါးနှစ်ကြာ ဘေးဖယ်ထားခဲ့ပြီးနောက်  အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်အောင် ကြိုးပမ်းနေချိန်မှာပဲ  ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် “ကောင်းသောအရာများ” ကို နေပြည်တော်က  စဉ်းစားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့  ဧပြီလ ၂၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်စုကြည်ရဲ့ ကျန်းမာရေးကို  အာဆီယံမှ စိတ်ပူကြောင်း ပြောဆိုချက်ကို မြန်မာနိုင်ငံဘက်ကမှ ကောင်းစွာ ဂရုစိုက်နေကြောင်း အသိပေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *