
ဒီဇင်ဘာ ၅ ၊ ထီးချိုင့်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး KIA/PDF များမြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီးနောက် ထီးချိုင့်မြို့ခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ မြို့ကြီးတွေမှာ စစ်ဘေးရှောင်ခဲ့ကြရပါတယ်။
စစ်ရှောင်ချိန် ၂ နှစ်ကျော်ကြာမြင့်လာခဲ့တဲ့အထိ ထီးချိုင့်စစ်ဘေးရှောင် ပြည်သူတွေနေရပ်မပြန်နိုင်သေးဘဲ မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ရွှေဘို၊ မြစ်ကြီးနားစတဲ့မြို့တွေမှာ ကြုံရာအလုပ်များဝင်ရောက်လုပ်ကိုင်နေထိုင်ပြီး အသက်မွေးကြောင်းပြုနေရတယ်လို့ သိရပါတယ်။
တချို့သော စစ်ဘေးရှောင်တွေဟာ နိုင်ငံခြားကို မိသားစုလိုက်ရွေ့ပြောင်းပြီး အလုပ်လုပ်ကိုင်ကြတာတွေလည်းရှိတယ်လို့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
“ ဒီမှာတော့ကြုံရာလုပ်နေရတာပ ။ ကိုယ်မြို့ကိုယ်ရွာလိုတော့ဘယ်ဟုတ်မလဲ တစ်ခါတစ်လေလဲအလုပ်မရှိဘူး။ အလုပ်မရှိရင်တော့ အလုပ်တွေရှာရတာပအေး။ အလုပ်ကတော့ရွေးလို့မရဘူး လစာနည်းတယ်များတယ်ပြောလို့မရဘူး” လို့ မန္တလေးမြို့နယ်မှာ စစ်ဘေးရှောင်တဲ့ဒေသခံတစ်ဦးကဆိုပါတယ်။
စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ကူညီမှုအစီအစဉ်တွေလည်း မရှိတာကြောင့် စားဖို့ဆန်အတွက်တောင် အခက်အခဲတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
“ အကူညီတွေလည်းမရဘူး အခက်ခဲတွေကအများကြီးပဲ ဆန်တွေဆို ရွေးကျန်ထားတဲ့ဆန်တွေကိုပဲဝယ်စားရတာ။ ဆန်တစ်အိတ်ကို (၇၀၀၀၀) ကျတာပေါ့ ။ အဲတာတောင် မနည်းစုပြီးဝယ်စားရတာ ဆန်တော့ဘယ်ကောင်းမလဲ မကောင်းလည်းစားရတော့တာပါအေး” လို့ ပုသိမ်ကြီးမြို့နယ်ထဲ စစ်ရှောင်နေတဲ့ ထီးချိုင့် စစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။
ထီးချိုင့်စစ်ဘေးရှောင်တွေဟာ မန္တလေးမြို့တွင်းရှိ ဘုန်းကြီးကျောင်းတွေမှာအများဆုံး စစ်ဘေးရှောင်နေကြရပြီး တစ်ချို့သောစစ်ရှောင်များကတော့ အိမ်ငှားရမ်းနေထိုင်ကြကြောင်း သိရပါတယ်။
ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့သူတွေဟာ မန္တလေးမြို့အရောင်းဆိုင်များ၊ ဖုန်းဆိုင်များ၊ အလှပြင်ဆိုင်များနဲ့ပန်းရံလုပ်ငန်းများတို့မှာ နေ့စားအငှားလိုက်ပြီးလုပ်ကိုင်နေကြရတာဖြစ်တယ်လို့ဆိုပါတယ်။
ထီးချိုင့်မြို့ကို မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသူတွေဟာ ကာလရှည်ကြာလာပြီး အစားအသောက်ခက်ခဲလာမှုတွေကြောင့် ပြီးခဲ့တဲ့ မေလကစလို့ ထီးချိုင့်မြို့နယ်ထဲကနေ စွန့်ခွာမှုတွေရှိနေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေဟာ အကူအညီမဲ့ပြီး စာဝတ်နေရေးများပါ ကြပ်တည်းလာသလို နေရပ်ပြန်နိုင်ဖို့ကိုမျှော်လင့်ကြတာလည်းဖြစ််ပါတယ်။
နိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်းများမြင့်တက်မှုတွေကြောင့် စ စ်ဘေးရှောင်တွေနဲ့ လက်လုပ်လက်စားအခြေခံပြည်သူတွေက အခက်အခဲများစွာရင်ဆိုင်နေရတာဖြစ်ပါတယ်။
လက်ရှိစစ်ကောင်စီတပ်များက ထီးချိုင့်တံတား၊ ထီးချိုင့်မြို့ပေါ်တွင် အခြေပြုနေဆဲဖြစ်ပြီး မြို့နယ်ရဲ့ နယ်မြေအားလုံးကို ဒေသကာကွယ်ရေးတပ်များက ထိန်းချုပ်စိုးမိုးထားတာဖြစ်ပါတယ်။
