
ဧပြီ ၁ ၊ မြစ်ကြီးနား
လေယာဉ်ပြေးဆွဲမှု ၄၅ရက် ကြာ ပိတ်ထားတဲ့ မြစ်ကြီးနားလေဆိပ်မှာ လာမယ့် ဧပြီလ ၅ ရက်နေ့မှစ လေယာဉ်ပြန်လည်ပြေးဆွဲမှု စတင်တော့မှာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ၅ ရက်နေ့လို့ တော့ပြောတာပဲလေ ဒါလည်း လေယာဉ်လက်မှတ်တွေက ရက်အကန့်အသတ်နဲ့ပဲ ရောင်းပေးတယ်လို့ ပြောတယ်လေ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း ( MNA ) တစ်ခုတည်းကသာ ကနဦးပြေးဆွဲမှာ ဖြစ်ပြီး လေယာဉ်လက်မှတ်ရောင်းချခြင်းများ ကို ဧပြီလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိသာသတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
လေယာဉ်လက်မှတ်စျေးနှုန်းတွေဟာ လက်ရှိမှာ ၅ သိန်းကျော်မှ ၇ သိန်းအကြားရှိနေပြီး ဒီစျေးကလည်း ဧပြီလ ၅ ရက်နေ့မတိုင်ခင်ဝယ်ယူထားတဲ့စျေးဖြစ်ကာ ထပ်ပြီးစျေးနှုန်းမြင့်တက်နိုင်ချေရှိသေးတယ်လို့ သိရပါတယ်။
လေဆိပ်ကို မတ်လ နောက်ဆုံးအပတ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လေယာဉ်ပြန်လည်ပြေးဆွဲမှုကို တော့ (၅)ရက်နေ့မှစတင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။
ဖေဖော်ဝါရီ (၂၀) ရက်နေ့က အဆိုပါမြစ်ကြီးနားလေဆိပ်တွင် FPV အသေခံဒရုန်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဉ် ထိမှန်ပျက်စီးခဲ့ပြီးနောက် ယာယီပိတ်ထားခဲ့တာလည်းဖြစ်ပါတယ်။
လေကြောင်းလိုင်းပိတ်ပင်ထားတာကြောင့် ဒေသခံတွေဟာ မော်တော်ယာဉ်တွေနဲ့သာ သွားလာနေကြရပြီး စစ်သားစုဆောင်းမှုဒဏ် ၊ ခရီးကြန့်ကြာမှုဒဏ် နဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကို ခံစားနေကြရတာလည်းဖြစ်ပါတယ်။
