ယခုနှစ်မိုးရာသီမှာ ခါတိုင်းနှစ်တွေထက်  မိုးများမယ်

မေ(၁၄)၊ မိုးလေဝသ

မြန်မာမှာ ယခုနှစ် မိုးရာသီကာလ ဇူလိုင်လကနေ သြဂုတ်လ နှစ်လအတွင်း ခါတိုင်းနှစ်တွေထက် မိုးများနိုင်ပြီး သိသိသာသာမိုးရွာသွန်းနိုင်တာကြောင့် တောင်သူများအထူးဂရုစိုက်ဖို့လိုအပ်တယ်လို့  မိုးလေဝသခန့်မှန်းနေတဲ့ (National Oceanic and Atmospheric Administration (NOAA) ရဲ့ မေလ(၁)ရက်နေ့ အစီရင်ခံစာက ဆိုထားပါတယ်။

ဒီမိုးလယ်ကာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာမိုးများခြင်းအပြင် ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေက မိုးကြီးရေလျှံမှုများကို ပိုမိုသတိထားသင့်ကြောင်း သတိပေးထားပါတယ်။

ဒါ့အပြင် ဒီနှစ်က ယခင်နှစ်တွေထက် မုတ်သုံလေစောဝင်တာကြောင့် မိုးဦးကာလအစောပိုင်းမှာပဲ မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေသညွှန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဒီလ မေလ(၁၄)ရက်မှ (၁၈)ရက်အတွင်းလည်း အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားကောင်းနေတာကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ပင်လယ်ပြင်ဒေသတွေမှာ မိုးလေဝသအခြေအနေ ဆိုးဝါးနိုင်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းမိုးများနိုင်တဲ့ ဒေသတွေထဲ ကချင်၊ရှမ်း၊ရခိုင်၊မန္တလေး၊နေပြည်တော်နဲ့ မကွေးတိုင်းတို့ ပါဝင်ပြီး ကျန်ဒေသတွေမှာလည်း နေရာကွက်မိုးရွာနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လာနီညာရာသီဥတုဖြစ်စဉ်ကြောင့် မိုးပိုများခြင်းနဲ့ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းစတဲ့ စွတ်စိုတဲ့ရာသီဥတုဖြစ်ပေါ်စေနေတာဖြစ်တယ်လို့  မိုးလေဝသပညာရှင်တွေက ပြောပြထားပါတယ်။

အဆိုပါ လာနီညာရာသီဥတုကနေ ဇူလိုင်လအတွင်းကနေစပြီး တစ်ဖြည်းဖြည်းနဲ့  အယ်နီညိုရာသီဥတုအဖြစ်ကို ကူးပြောင်းရောက်ရှိခဲ့မှာဖြစ်တာကြောင့် (၂၀၂၆)နှစ်ကုန်ပိုင်းမှာတော့ မိုးခေါင်ရေရှားခြင်းနဲ့ မိုးနှောင်းကာလမိုးရွာသွန်းမရှိမှုတွေကို ကြုံတွေ့နိုင်ကြောင်း သိရပါတယ်။

ဒီရာသီဥတုဖြစ်စဉ်တွေဟာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့ ဆန်စပါးနဲ့တောင်ယာသီးနှံတွေအပေါ်  ပိုမိုသက်ရောက်မှုရှိတာကြောင့် တောင်သူတွေအနေနဲ့ ပျိုးထောင်ချိန်နဲ့စိုက်ပျိုးချိန်တွေကို ပုံမှန်စိုက်နေကြထက် စောစီးစွာ(သို့မဟုတ်)နောက်ကျမှ ရာသီဥတုအလိုက် ဂရုစိုက်စိုက်ပျိုးကြဖို့ အသိပေးထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *