
မေ ၅ ၊ စစ်ကိုင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ ပြန်လည်လက်လွှတ်လိုက်ရတာတဲ့အခြေအနေတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒီနေ့မှာပြောဆိုလိုက်ပါတယ်။
ဒီနေ့ မေလ ၅ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် သဝဏ်လွှာထဲမှာထည့်သွင်းပြောဆိုခဲ့တာပါ။
လက်ရှိအခြေအနေမှာ သိမ်းပိုက်ထားတဲ့မြို့တချို့ ယာယီစွန့်ခွာရမှုအပါဝင်အခက်အခဲတချို့ရှိနေတယ်လို့ ဦးရည်မွန်က ဆိုပါတယ်။
ဒီလိုအခြေအနေကိုခိုင်မာတဲ့ သန္နိဌာန်၊ ယုံကြည်ချက်၊ ဉာဏ်ပညာ နဲ့ စိတ်ခွန်အားတွေနဲ့ ကျော်လွှားကြရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် “ ငါကိုယ်တိုင်လည်းမြေပြင်မှာရဲဘော်တို့နဲ့အတူတကွရှိနေမှာဖြစ်တယ်” လို့ ဦးရည်မွန်က ဆိုပါတယ်။
PDF တပ်ဖွဲ့တွေရဲ့ အားနည်းချက်၊ ကိုယ့်ရဲ့ဟာကွက်တွေကိုလည်း မထောက်မညှာ ဝေဖန်ဆန်းစစ်ပြီး သင်ခန်းစာယူ ပြုပြင်ကြရမယ့်အချိန်လည်းဖြစ်တယ်လို့သူကဆက်ပြောပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ မန္တလေး၊ စစ်ကိုင်း၊ချင်း ဒေသတွေဆီကနေ NUG သိမ်းပိုက်ထားတဲ့မြို့ ၅ မြို့ထက်မနည်းဟာ စစ်တပ်ရဲ့ထိုးစစ်တွေကြောင့် ပြန်လည်လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်မှာလည်း စစ်ကိုင်း-ကချင်နယ်စပ်မြို့ဖြစ်တဲ့ အင်းတော်မြို့ကို စစ်တပ်က ပြန်လည်ဝင်ရောက်သိမ်းပိုက်လိုက်ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းထဲက မြို့သစ်၊ ခမ်းပတ်၊ ရွှေပြည်အေးနဲ့ ပင်လည်ဘူးမြို့နယ်တွေကိုထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
