
မေ ၅၊ မြစ်ကြီးနား
မြစ်ကြီးနားလေကြောင်းခရီးစဉ်တွေဟာ လက်ရှိမှာ ပုံမှန်ပြေးဆွဲနေပေမယ့် ခရီးသွားတွေအတွက် လက်မှတ်မရရှိနိုင်တာကြောင့် မှောင်ခိုစျေးကွက်ထဲမှာဝယ်ယူနေရပြီး စျေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လေယာဉ်လက်မှတ် ဈေးနှုန်းများအဆမတန်မြင့်တက်နေမှုကြောင့်လက်မှတ်ဝယ်ယူရာမှာ အခက်အခဲကြုံနေရတယ်လို့ ဒေသခံများမှ သိရပါတယ်။
“ စရံကပေးထားရတာလေ ခုထိခုံမရသေးဘူးပဲပြောနေတာ အရင်လထဲကပေးထားတာ အကြောင်းလဲမပြန်ဘူး ကြားထဲကအမြတ်စားတာကများများ” လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ လက်မှတ်တွေကို တစ်ဆင့်ခံ မှောင်ခိုဈေးကွက်တွေမှာသာ ရရှိနိုင်ပြီး ရန်ကုန်- မြစ်ကြီးနားကို ကျပ်(၁၅) သိန်းကနေ သိန်း( ၂၀ ) ကျပ်နဲ့ မြစ်ကြီးနား- မန္တလေးကို ကျပ်(၁၁) သိန်းနဲ့ (၁၂ ) သိန်းကြားမှာရှိနေတာလည်းဖြစ်ပါတယ်။
အဲဒီဈေးနှုန်းနဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ အရေးကြီးကိစ္စတွေအတွက် မဖြစ်မနေသွားရမယ့်သူတွေသာ စျေးကြီးပေးဝယ်သွားနေကြတယ်လို့သိရပါတယ်။
လေကြောင်းလိုင်းလက်မှတ်တွေကို ရောင်းချခွင့် မဖွင့်ခင်ကတည်းက အဆင့်ဆင့် နာမည်စာရင်းကြိုတင်ဖြတ်ထားတာ တွေကြောင့် လက်ရှိမှာ လက်မှတ်ရရှိနိုင်ဖို့ အနည်းဆုံးတစ်လခွဲဝန်းကျင်အထိကြာမြင့်နိုင်တယ်လို့ သိရပါတယ်။
ခရီးသွားဒေသခံများအနေနဲ့ သက်ဆိုင်ရာလေကြောင်းလိုင်း တာဝန်ရှိသူများကို အခုလိုမှောင်ခိုဈေး ကွက်ကို စနစ်တကျ ကြပ်မတ်ပေးဖို့ကို တောင်းဆိုမှုတွေရှိနေတာလည်းဖြစ်ပါတယ်။
မြစ်ကြီးနားလေဆိပ်မှာ မြန်မာ့အမျိုးသားလေကြောင်း (MNA)လေယာဉ်တစ်စင်း ဒရုန်းထိမှန်ခဲ့ပြီး နောက် ဖေဖော်ဝါရီ (၂၁) ရက်စလို့ လေဆိပ်ကိုတစ်လ ကျော်ကြာခေတ္တပိတ်ထားခဲ့တာဖြစ်ပြီး ဧပြီ(၅) ရက်နေ့မှ ခရီးစဉ်တွေပြန်လည်ပြေးဆွဲလာတာဖြစ်တယ်လို့သိရပါတယ်။
