
မေ ၂၀ ၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဘိုကုန်းကျေးရွာအုပ်စုမှာ ဒီနှစ် မိုးဦးကာလမှစတင်ကာ ငှက်ဖျားရောဂါ (Malaria) ဖြစ်ပွားမှုများ နေ့စဉ်တိုးမြင့်လာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဘိုကုန်းကျေးရွာအုပ်စုအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမှာ ယခင်နှစ်များထက် နှစ်ဆခန့် မြင့်တက်လာပြီး ကျေးရွာအချို့တွင် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းအထိ ကူးစက်မှုတွေ့ရှိရကြောင်း သိရပါတယ်။
ဒါတင်မက ပြင်းထန်တဲ့ ငှက်ဖျားဦးနှောက်ပိုး (Cerebral Malaria) အခြေအနေများပါ တွေ့ရှိလာကြောင်း ဆိုထားပါတယ်။
“ နမ့်စက်ကျေးရွာမှာ ဧပြီ ၁၅ ရက်ကနေ မေ ၁၅ ရက်အထိ တစ်လအတွင်း ငှက်ဖျားလူနာ ၆၀ ကျော်ရှိခဲ့တယ်။ မေလအစပိုင်းရက်တွေမှာတင် လူနာ ၁၂ ယောက်ကျော် တွေ့ထားရတယ်။ သဲခါးပတ်ကျေးရွာမှာလည်း လူနာ ၆၀ ကျော်ရှိနေတယ်” လို့ ငှက်ဖျားကျန်းမာရေးလုပ်သားတစ်ဦးက ပြောပြပါတယ်။
ဘိုကုန်း၊ ချောင်းခွ၊ ဟဲဖက်၊ ဇရပ်ကြီး၊ တုန်ပသစ်၊ သာယာကုန်း၊ နမ့်စက်နဲ့ သဲခါးပတ်ကျေးရွာများတွင် ငှက်ဖျားရောဂါကူးစက်မှုများ ပိုမိုများပြားလာနေကြောင်း ဒေသခံ ငှက်ဖျားကျန်းမာရေးလုပ်သားတစ်ဦးက ပြောပါတယ်။
ဒေသတွင်းတွေ့ရှိရတဲ့ ငှက်ဖျားပိုးအမျိုးအစားများမှာ Plasmodium vivax (ဗိုင်ဗက်စ်ငှက်ဖျားပိုး) Plasmodium falciparum (ဖယ်လ်စီပါရမ်ငှက်ဖျားပိုး) Mixed Infection (ပိုးအရောကူးစက်မှု) တွေပဲဖြစ်ပါတယ်။
ကျန်းမာရေးလုပ်သားတွေဟာ ဗိုင်ဗက်စ်ငှက်ဖျားပိုး (P. vivax) လူနာများကို ကျေးရွာအဆင့်တွင် ကုသပေးနိုင်သော်လည်း ဖယ်လ်စီပါရမ်ငှက်ဖျားပိုး (P. falciparum) နဲ့ ပိုးအရောကူးစက်မှုများကိုတော့ စိုးရိမ်ရတဲ့ခြေအနေကြောင့် ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်နေရကြောင်း သိရပါတယ်။
“ငှက်ဖျားကျန်းမာရေးလုပ်တာ ၁၅ နှစ်ကျော်ရှိပြီ။ အခုလို ပိုးအရောနဲ့ ငှက်ဖျားဦးနှောက်ပိုးတွေ့တာ မကြုံဖူးသေးဘူး” လို့ ကျန်းမာရေးလုပ်သားတစ်ဦးက ပြောပါတယ်။
ဘိုကုန်းအုပ်စုအတွင်း ဖယ်လ်စီပါရမ်နဲ့ ပိုးအရော ကူးစက်မှုဖြစ်ပွားသူများထဲမှာ နမ့်စက်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ပါဝင်ပြီး၊ ၁၀ နှစ်အရွယ် မိန်းကလေးမှာ စိုးရိမ်ရတဲ့အခြေအနေတွင် ရှိနေကြောင်း သိရပါတယ်။
လက်ရှိမှာ ငှက်ဖျားဆေးဝါးများကို ငှက်ဖျားတိုက်ဖျက်ရေးဌာနမှ အခမဲ့ထုတ်ပေးနေပြီး ကျေးရွာများသို့ ကွင်းဆင်းကုသပေးမှုများလည်း ပြုလုပ်နေတယ်လို့ဆိုပါတယ်။
ဒါပေမယ့်လည်း ငှက်ဖျားကျန်းမာရေးလုပ်သားတွေဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။
ကျန်းမာရေးလုပ်သားတစ်ဦးက ကျေးရွာပေါင်း ၄၀ ကျော်ကို တာဝန်ယူဆောင်ရွက်နေရတာကြောင့် လူအင်အားနဲ့ ကျန်းမာရေးဝန်ဆောင်မှုလိုအပ်ချက်များ မြင့်မားနေတယ်လို့ ဆိုကြပါတယ်။
အခုလို ငှက်ဖျားရောဂါပြန့်ပွားမှု မြင့်တက်လာရခြင်းမှာ ကျန်းမာရေးအသိပညာပေးမှုနည်းပါးတာ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှုအားနည်းခြင်းနဲ့ ဒေသခံတွေရဲ့ ရောဂါကာကွယ်ရေးအသိနည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ကျန်းမာရေးလုပ်သားများနဲ့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုများ ဆက်လက်မြင့်တက်နေသဖြင့် ကျန်းမာရေးဝန်ထမ်းများ ထပ်မံလိုအပ်နေပြီး ကျေးရွာတိုင်းတွင် ငှက်ဖျားကာကွယ်ရေးနဲ့ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ အရေးတကြီးဆောင်ရွက်ရန် လိုအပ်နေကြောင်းပြောဆိုနေကြပါတယ်။
