
မေ(၂၀)၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းရှိ အင်းအရှေ့ကမ်းကျေးရွာတွေဖြစ်တဲ့ ဟဲပု၊ဟဲပါး၊ဆနွင်းကုန်း၊အင်းသာကလွဲပြီး ကျန်စာသင်ကျောင်းများအားလုံးကို ပြီးခဲ့တဲ့နှစ်ကလိုပဲ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူးနဲ့နီးစပ်သူများထံမှ သိရပါတယ်။
“ ရပ်ဖိရပ်ဖတွေနဲ့ KIA+PDF တပ်ဖွဲ့တွေနဲ့ ညှိထားကြတယ် ကလေးတွေရဲ့ပညာရေးကိုမနှောင့်ယှက်ပေးဖို့ သူတို့ဘက်ကလည်းဆရာ/ဆရာမတွေကို ဘာမှမလုပ်ပါဘူးဆိုပြီးကတိပေးထားတယ်လေ” ဟု KIA+PDF ပူးပေါင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ အင်းမြှီးကျေးရွာတွေမှာလည်း စာသင်ကျောင်းများဖွင့်လှစ်နိုင်ဖို့ ညှိနှိုင်းမှုများပြုလုပ်ခဲ့တဲ့အကြောင်းကို ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။
တစ်ဖက်မှာလည်း မကြာသေးမီ မေ(၁၈)ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်အချို့နဲ့ ဒေသခံများက မိုးညှင်းမြို့ပေါ်ရှိ မြို့နယ်ပညာရေးမှူးထံ အင်းတော်ကြီးဒေသအတွင်းက စာသင်ကျောင်းများဖွင့်လှစ်ပေးဖို့ကို တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ခွင့်ပြုချက်များရရှိခဲ့တယ်လို့ သိရပါတယ်။
အင်းတော်ကြီးဒေသမှာ အ.ထ.ကကျောင်း (၁၀) ကျောင်း ၊ အ.လ.က ကျောင်း (၉) ကျောင်း နဲ့ မူလတန်း ၊ မူလတန်းကြိုကျောင်းတို့အပါအဝင် စုစုပေါင်း( ၅၉) ကျောင်းရှိထားပြီး အများစုကို ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
နန့်မွန်းမြို့နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ဟဲပု၊ဟဲပါး၊ဆနွင်းကုန်း၊အင်းသာကျေးရွာတို့မှာတော့ ကျေးရွာဒေသခံများပြန်လည်ဝင်ရောက်နေထိုင်ခြင်းများမရှိခြင်းနဲ့ နယ်မြေတည်ငြိမ်မှုကိုစိုးရိမ်ရခြင်းတို့ကြောင့် ဒီစာသင်ကျောင်းများကို ဖွင့်လှစ်ပေးခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။
“လူနေအိမ်တွေလည်း နွယ်ပင်တွေတက်နေပြီလေအခုက လူတွေကဝင်မှမဝင်ကြသေးတာလေ ဟိုရက်ကရောက်ခဲ့သေးတာတော့ ဘုန်းကြီးကျောင်းတွေကပြန်ပြင်နေတာတွေ့ခဲ့တယ် ဘုန်းကြီးတွေပြန်ဝင်တော့မယ်ထင်တယ် လူတွေကတော့မစုံကြသေးလို့မဝင်ရဲကြသေးဘူးတဲ့” ဟု နန့်မွန်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။
အင်းအရှေ့ဘက်ကမ်းရှိ ဒီကျေးရွာတို့ကို ပြည်သူ့စစ်၊ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရဲ့ ကျားဖြူစစ်ကြောင်းနဲ့ စစ်တပ်တို့က ထိန်းချုပ်ထားတာဖြစ်ပြီး KIA+PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။
