အင်းတော်ကြီးဘုရားဖူးယာဉ်များကို ကန့်သတ်ပေးရန် ကချင်ပြည်နယ်အစိုးရထံတောင်းဆို

Photo – Paw Htin Paw Htin

မြန်မာနိုင်ငံအတွင်း Covid-19 ကူးစက်ခံရမှုစတင်ရှိလာနေပြီဖြစ်သည့်အချိန်တွင် အင်းတော်ကြီး သို့ ဘုရားဖူးယာဉ်များလာရောက်မှုကို ကန့်သတ်ပေးရန်အတွက် အင်းတော်ကြီးဒေသခံတချို့က ကချင်ပြည်နယ် အစိုးရ ထံတောင်းဆိုခဲ့ကြသည်။

အဆိုပါတောင်းဆိုသည့်စာကို ယနေ့ မတ် ၂၇ ရက်နေ့လည်ပိုင်းက ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးသို့ သွားရောက်တင်ပြခဲ့သည်။

“ဒီအင်းတော်ကြီးအထင်ကရရွှေမဉ္ဇူဘုရားကိုလာလာပြီးအဲ့ဒီမှာစားမယ်သောက်မယ်သွားမယ်လာမယ်သူတို့နဲ့ကိုယ်တွယ်ထိတွေ့ဆက်ဆံတဲ့ဈေးရောင်းဈေး၀ယ်တွေဆိုင်တွေကနေပြီးမှဟိုအခုအင်းတော်ကြီးဒေသခံလူတွေကိုထပ်မံပြီးတော့ပြန့်ပွားမယ်ဆိုရင်ကျွန်တော်တို့ဒီဗိုင်းရပ်ပျံ့နှံ့မှုရဲ့အနေအထားကိုတွေးကြည့်ရုံနဲ့တင်ကျွန်တော်တို့က အရမ်းကြောက်ကြတာပေါ့” ဟု ဦးဆောင်တင်ပြသူ စန်းလင်း စိုးက ရှမ်းနီအသံကိုပြောကြားသည်။

အင်းတော်ကြီးဘုရားသို့ လာရောက်ဖူးမျှော်သူ ပျှမ်းမျှ နှစ်ရာကျော်ရှိကြောင်း ဘုရားဂေါပကထံ မှသိရသည်။

“မနေ့တုန်းကတော့ကျွန်တော့မျက်စိရှေ့မှောက်မှာတင်နာရီ၀က်မိနစ်လေးဆယ်အတွင်းအိတ်စ်ပရက်ကားကြီးခြောက်စီး၀င်သွားတာဗျ၊ ကားကြီးမဟုတ်ဘဲနဲ့ ကားလေးတွေကတော့အများကြီးပဲ” ဟု ဦးစန်းလင်းစိုးက ပြောသည်။

ဘုရားတွင် Covid-19 ကာကွယ်မှုအခြေခံဖြစ်သည့် လက်ဆေးကန်များကို ပြုလုပ်ထားရှိသည်။

“ကျွန်တော်တို့ ခရီးသွားတွေအတအားများရင်တော့ဘာကြောင့်လဲဆိုတော့ ခရီးသွားတွေက အမြို့မြို့နယ်ကိုဖြတ်သန်းလာရတော့ကျွန်တော်တို့အနေနဲ့လည်းစိုးရိမ်မိတာပေါ့ ။ ဒီရောဂါလည်းမြန်မာ နိုင်ငံမှာ ပျံ့နှံ့တဲ့အခါကျတော့ ခရီးသွားတွေလျော့ပါးစေချင်တာပေါ့။ဒီထက်အခုလိုမျိုးဆက်လာနေမယ် ဆိုရင် ဒေသကိုလည်းရောဂါသယ်လာနိုင်တယ်” ဟု အင်းတော်ကြီးဒေသခံ ဦးစိန်လွင်ဦးကဆိုသည်။

အင်းတော်ကြီးဘုရားရှိ တခြားလည်ပတ်စရာများဖြစ်သည့် မုဆိုးမခြေရာနှင့် နှီးဘုရားများကိုလည်း ပိတ်ထားပြီဖြစ်ကြောင်းသိရသည်။

အင်းတော်ကြီးဒေသရှိ ကျေးရွာများတွင် ကျန်းမာရေးဌာန နှင့်ကျေးရွာတာဝန်ရှိသူများက Covid-19 အတွက် အသိပညာပေးမှုများဆောင်ရွက်လျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ Covid-19 ပိုးတွေ့ရှိသူ ၅ ဦးထိရှိလာနေပြီး စောင့်ကြည့်လူနာ ၃၂၂ ဦး၊ သံသယလူနာ ၂ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *