
ဇွန် ၁၁ ၊ ဖားကန့်
ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းတူးဖော်ရေးနေရာတွေဖြစ်တဲ့ ကုဋေမှော်၊ မှော်စီဇာ ၊ မဇွပ်ယာန် စတဲ့နေရာသုံးခုက ကျောက်စိမ်းတူးဖော်ရေးစက်ယန္တရားတွေကို စစ်ကောင်စီက ဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ဆိုပါတယ်။
“ မီးရှို့တာကတော့ ၁၁၁ ကုမ္ပဏီလေ၊ သူတို့အဲ့ဒီနေရာတွေမှာရှိတဲ့ ကုမ္ပဏီတွေကလည်း ဝ နဲ့ ကေအိုင်အေရဲ့ လုပ်ကွက်တွေလေ။ ၁၁၁ အများကြီးလေ။ နေရာတကာရှိတယ်။ သူတို့အခုလောလောဆယ်က ကုဋေမှော် ဘက်ကရှို့တယ်။ မှော်စီဇာရှို့တယ်” လို့ ကျောက်စိမ်းကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဇွန်လအစောပိုင်းကတည်းက မှော်စီဇာကျေးရွာအတွင်းရှိ ကျောက်စိမ်းလုပ်ကွက်ထဲက ဘက်ဟိုး၊ မြေသယ်ကားတွေကို မီးရှို့နေတာလို့ ကျောက်စိမ်းတူးတဲ့သူတွေက ဆိုပါတယ်။
မီးရှို့လိုက်တဲ့ စက်ယန္တရားတွေဟာ ဘက်ဟိုးတစ်စီးတန်ဖိုးဟာ ပျှမ်းမျှ ကျပ်သိန်း သုံးထောင်ရှိပြီး ၊ မြေသယ်ကား Trank Truck တစ်စီးလျှင် ကျပ်သိန်းပေါင်းသောင်းကျော်တန်ဖိုးရှိကာ ဒီအမျိုးအစားများလည်း အစီးရာနှင့်ချီ မီးရှို့ခံလိုက်ရတယ်လို့သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးအတွက် တရားမဝင် စက်န္တရားအစီးပေါင်း တစ်သောင်းဝန်းကျင်အထိရှိကြောင်း ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
သတင်းအချက်အလက်တချို့အရ မီးရှို့ဖို့အတွက် စာရင်းများကို စစ်ကောင်စီကရှိထားပြီးဖြစ်သလို ကုမ္ပဏီတချို့ကိုလည်း တရားမဝင်တူးဖော်နေမှုကို အကြောင်းပြပြီး စက်ယန္တရားတချို့ မီးရှို့ဖျက်ဆီးရမည်ဖြစ်ကြောင်း အကြောင်းကြားပြောဆိုမှုတွေရှိတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းကို စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းလုပ်ကွက်တွေထဲက စက်ယန္တရားတွေကို မီးရှို့တာ ၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ထားရှိတဲ့ ယမ်းဂိုဒေါင်တွေကို တိုက်ခိုက် တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
