မိုးညှင်းမြို့နယ် နန့်စော်လော်ဒေသခံများကို  ကျေးရွာထဲကနေရှောင်ရှားထားဖို့ KPDF သတိပေးထား

ဩဂုတ် ၂၆ ၊ မိုးညှင်း 

မိုးညှင်းမြို့နယ်၊ နန့်စော်လော်ကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ရွာသူ/သားများကို  ရှောင်ရှားထားကြဖို့ ပူးပေါင်းတပ်ဖွဲ့ KIA+ PDF များက ပြီးခဲ့တဲ့ သြဂုတ်(၂၄)ရက်နေ့က သတိပေးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

နန့်စော်လော်ထဲမှာ အခုရက်ပိုင်းဗမာစစ်တပ်တွေသွားထိုင်ထားတယ် ယာယီစခန်းထင်တယ် ဒါကြောင့် KPDF တပ်ဖွဲ့တွေက တိုက်ထုတ်ဖို့ရှိတယ်ပေါ့  တိုက်တဲ့အခါလက်နက်ကြီးပစ်တာတွေရှိနိုင်လို့ ရွာသူရွာသားတွေကိုထိမှာစိုးလို့ ရှောင်ထားကြပါဆိုပြီး သတိပေးထားတယ်လေ” ဟု နန့်စော်လော်ကျေးရွာအနီးရှိ နန်းမားကျေးရွာဒေသခံတစ်ဦးက အခုလိုပြောပြပါတယ။

မကြာသေးမီ သီတင်းပတ်က နန့်စော်လော်ကျေးရွာအနီးကို နန်းမားရဲစခန်းတာဝန်ရှိ  ရဲတပ်သား(၂)ဦးကင်းလှည့်လာချိန် ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်  ၎င်းတို့စီးနှင်းလာတဲ့ကားမီးလောင်ပြီး ရဲသားနှစ်ဦးစလုံးသေဆုံးခဲ့ပါတယ်။ 

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဗမာစစ်တပ်များက ကျေးရွာအတွင်းမှာယာယီလှုပ်ရှားတပ် လာရောက်အထိုင်ချထားတာကြောင့်  KPDF တပ်ဖွဲ့များကတိုက်ထုတ်ဖို့ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 “အကုန်လုံးထွက်မထွက်တော့မသိဘူး တစ်ချို့တွေလည်း နန်းမားရွာမှာရှိတဲ့ အမျိုးတွေအိမ်မှာပစ္စည်းတွေလာအပ်ထားကြတယ်ပြောတယ် လူတော့မထွက်ဘဲနဲ့ပစ္စည်းပဲရွေ့ထားကြတာပေါ့ တကယ်လို့တိုက်ပွဲဖြစ်လာရင် ပစ္စည်းတွေပျက်စီးမှာစိုးလို့တဲ့” ဟု ဒေသခံအချို့လည်းရှောင်တိမ်းထားမှုတွေရှိသလို အနီးအနားကျေးရွာတွေထံ လာရောက်ပစ္စည်းအပ်နှံထားမှုတွေရှိကြောင်း ဒေသခံများကဆိုကြပါတယ်။ 

 ယနေ့အထိအဆိုပါကျေးရွာအတွင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းရှိမရှိကို တိတိကျကျမသိရှိရသေးဘဲ  ယမန်နေ့ညပိုင်းမှာလက်နက်ကြီးပစ်ခတ်မှုအသံများကိုတော့ မိုးညှင်းမြို့ကနေကြားနေရကြောင်း မြို့ပေါ်နေထိုင်သူများက ပြောပြပါတယ်။

  မိုးညှင်း-ဟိုပင် သွားလမ်းတစ်လျှောက်အနီးရှိ လက်ပံတန်း၊ဘုရားကွင်း၊နန်းမား၊တောင်အင်း၊နန့်စော်လော်စတဲ့ ကျေးရွာအနောက်ဘက်တောစပ်တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ရဲ့ တပ်မဟာ(၈)လက်အောက်ခံ တပ်ရင်း(၅)နဲ့ တပ်ရင်း(၃၅)တို့ လှုပ်ရှားရာနေရာများလည်းဖြစ်ပါတယ်။

နန့်စော်လော်ကျေးရွာမှာ  ၂၀၂၃ ခုနှစ် မေလ၁၂ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီးပစ်ခတ်မှုတွေရှိသောကြောင့် ကျေးရွာနေဒေသခံများ ထွက်ပြေးတိမ်းရှောင်ရခြင်းနှင့် လူနေအိမ်ထိခိုက်မှုတွေလည်း ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

 နန့်စော်လော်ကျေးရွာက အိမ်ခြေ(၂၀၀)ကျော်ခန့်ရှိပြီး လူဦးရေ (၂)ထောင်ဝန်းကျင်ထိုင်ကြတဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *