
ဩဂုတ် ၂၈ ၊ မဲဆောက်
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးမယ့် အစီအစဉ်တွေကို ထိုင်းနိုင်ငံက အတည်ပြုလိုက်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်များကတည်းက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲအပါအဝင် စစ်အစိုးရတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည် ၁၀၈,၀၀၀ ခန့်ဟာ စခန်း(၉)ခုမှာ နေထိုင်နေကြရပါတယ်။
ဒုက္ခသည်တွေ အလုပ်လုပ်ကိုင်ခွင့်အစီအစဉ်အသစ်ထဲမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ရှစ်သောင်းခန့်သာရှိပြီး အဲ့ထဲက လေးသောင်းနှစ်ထောင်ဟာ အလုပ်လုပ်နိုင်တဲ့အရွယ်ဖြစ်တယ်လို့ Human Right Watch ကဆိုပါတယ်။
ထိုင်းအစိုးရဟာ စခန်းရှိဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်၊ လွတ်လပ်စွာပြောင်းရွှေ့နေထိုင်ခြင်း သို့မဟုတ် ပြည်သူ့ဝန်ဆောင်မှုများရယူခြင်းမပြုဖို့ ဆယ်စုနှစ်များစွာ ပိတ်ပင်ထားခဲ့ပြီး သူတို့တွေဟာ နိုင်ငံရပ်ခြားက အကူအညီတွေအပေါ် မှီခိုနေကြရတာဖြစ်ပါတယ်။
ဒီစခန်းတွေကို အဓိကအလှူရှင်နိုင်ငံဖြစ်တဲ့ အမေရိကန် အစိုးရရဲ့ ဘတ်ဂျက်ဖြတ်တောက်မှုတွေကြောင့် အခက်အခဲများနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
ထိုင်းအစိုးရအဖွဲ့ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဒုက္ခသည်တွေအတွက် အဆင်ပြေလာစေမှာဖြစ်သလို အနည်းဆုံးတော့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား တစ်သိန်းခန့် ထွက်ခွာသွားခြင်းကြောင့် လုပ်သားရှားပါးမှုနဲ့ရင်ဆိုင်နေရတဲ့ အခိုက်အတန့်မှာ အရေးပါမှုလည်းဖြစ်တယ်လို့ HRW က ဆိုထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ဒုက္ခသည်တွေရှိသလို ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများ၊ စစ်သားစုဆောင်းမှုတွေကြောင့် လူငယ်အများစုဟာ ထိုင်းနိုင်ငံသို့ အဓိက ထွက်ပြေးတိမ်းရှောင်ပြီး ရရာလုပ်ငန်းများကို လုပ်ကိုင်နေကြတယ်လို့ ထွက်ပြေးတိမ်းရှောင်သူအများစုက ပြောဆိုထားကြပါတယ်။