ဝိုင်ဖိုင်အင်တာနက်များ နှစ်ကုန်ပိုင်းမှ ပုံမှန်ပြန်လည်ကောင်းမွန်မည်

ဒီဇင်ဘာ ၅ ၊ ရန်ကုန်

နိုဝင်ဘာလအစကနေ စတင်ချို့ယွင်းပြတ်တောက်နေတဲ့ အင်တာနက် ဝိုင်ဖိုင်လိုင်းတွေဟာ လာမယ့်ရွေး ကောက်ပွဲပြီးမှ ပုံမှန်အခြေအနေကို ရောက်ရှိကောင်းမွန်မယ်လို့  ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးလာပါတယ်။

(UMO)  ဆက်ကြောင်း ပြန်လည်ကောင်းမွန်ဖို့အတွက် စီစဉ်နေတဲ့အချိန်မှာ အင်တာနက်ဝန်ဆောင်မှုတွေ အသုံးပြုနိုင်ဖို့ နယ်စပ်ဖြတ်ကျော်ဖိုင်ဘာဆက်ကြောင်းတွေနဲ့  ထပ်မံတိုးမြှင့်ချိတ်ဆက်ထားပေးတယ်လို့ဆိုပါတယ်။ 

စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို ချိတ်ဆက်သွယ်တန်းထားတဲ့ UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်းဟာ  နိုဝင်ဘာ (၁)ရက်နေ့က ချို့ယွင်းပြတ်တောက်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဝိုင်ဖိုင်းလိုင်းနှေးကွေးမှုတစ်လကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။

အင်တာနက်ပြတ်တောက်ချိန်ဟာ  နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ စတင်ချိန်ဖြစ်တာကြောင့် အင်တာနက်ကနေ မဲဆွယ်စည်းရုံးရေးလုပ်ကိုင်သူတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ပြောဆိုကြပါတယ်။

လက်ရှိရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေဟာ မြေပြင်ထက် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာကနေသာ အဓိကထား မဲဆွယ်စည်းရုံးရေးကိုပြုလုပ်နေကြရတာလည်းဖြစ်ပါတယ်။  

အင်တာနက်ပြန်လည်ကောင်းမွန်မယ့်အချိန်ဟာလည်း ရွေးကောက်ပွဲကျင်းပပြီးစီးမယ့်အချိန်ဖြစ်ပါတယ်။ 

ယခုလို လိုင်းနှေးကွေးမှုတွေနဲ့ပတ်သက်ပြီး ဝိုင်ဖိုင်ကုမ္ပဏီအသီးသီးက တောင်းပန်စာတွေအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

သို့သော် သုံးစွဲသူတွေကို စျေးလျှော့ပေးခြင်းနဲ့ အခြားဝန်ဆောင်မှုပေးခြင်းမျိုးတို့ ပြုလုပ်ပေးခြင်းမရှိကြောင်း ဝိုင်ဖိုင်သုံးစွဲသူများထံမှ သိရပါတယ်။

အခုလို ဝိုင်ဖိုင် အင်တာနက်လိုင်းတွေ မကြာခဏ နှေးကွေး၊ ပြတ်တောက်နေမှုကို ဝိုင်ဖိုင်ကုမ္ပဏီတွေနဲ့ Call Center တချို့က ယာယီ ပြတ်တောက်တာလို့သာ ပြောဆိုကြပေမယ့် လိုင်းပြတ်တောက်ချိန် နာရီနဲ့ချီ ကြာမြင့်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဝိုင်ဖိုင်အင်တာနက်အမျိုးမျိုးထဲက  5BB fiber internet  ကိုအသုံးပြုနေတဲ့သုံးစွဲသူတစ်ချို့ကတော့  Mbps 50 မှာ  6 Mbps ခန့်သာ  internet speed  တက်ကြောင်း ပြောဆိုနေကြပါတယ်

မြန်မာနိုင်ငံမှာ ဝိုင်ဖိုင်အင်တာနက်ပေးနေတဲ့ ကုမ္ပဏီ ၈ ခုရှိထားပြီး အဓိက  အော်ပရေတာ ၅ ခုရှိနေတာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်မှ စပြီး ဒီနေ့အထိ အင်တာနက်ပြတ်တောက်မှု အကြိမ်ရေ ၄၂၀ အထိရှိထားပြီး စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တို့က အကြိမ်အရေအတွက်အများဆုံးလည်းဖြစ်ပါတယ်။ 

လက်ရှိမှာမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်တစ်ခုလုံး ၊ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံး ၊​ရှမ်းမြောက်ဒေသ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အင်တာနက်တွေပြတ်တောက်နေဆဲလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *