
ဧပြီ ၃၀ ၊ အင်းတော်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းက တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့အင်းတော်မြို့အနီးထိ စစ်တပ်စစ်ကြောင်းတွေ ရောက်ရှိလာနေပြီဖြစ်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုကြပါတယ်။
အင်းတော်မြို့နဲ့ သုံးမိုင်အကွာမှာရှိတဲ့ နဘားကျေးရွာကို မနေ့က ဧပြီ ၂၉ ရက်နေ့ မှ ရောက်ရှိလာခဲ့တာလို့ အင်းတော်ဒေသခံတွေကပြောပါတယ်။
“ အင်းတော်နားကိုရောက်လာလို့ ဒီဘက်ကစျေးတွေကိုလည်း ပိတ်ခိုင်းထားတာ၊ အောင်းကုန်းဘက်ကစျေးသည်တွေတောင် ဒီဘက်(ဗန်းမောက်)ဘက်ကိုမသွားခိုင်းတော့ဘူး။ မော်လူးဘက်ကလူတွေလည်း အသံတွေထွက်နေတယ်။ အခု နဘားဆိုတာကလည်း အင်းတော်နဲ့ ရထားလမ်းနဲ့ဆို ၃ မိုင်၊ ကားလမ်းအတိုင်းဆို ၅ မိုင်ပဲဝေးတော့တာ။ အင်းတော်ကိုတော့ သိမ်းနိုင်တယ်လေ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အင်းတော်ဒေသရဲ့ တော်လှန်ရေးသတင်းတွေကို ဖြန့်ဝေနေတဲ့ Indaw Revolution IR ရဲ့ ထုတ်ပြန်ချက်အရ မနေ့က နဘားကျေးရွာကိုရောက်ရှိခဲ့ပြီး နဘား နဲ့ နားရခေါင်ကျေးရွာတွေကို တပ်ဖြန့်ကျက်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ ဧပြီလ ၃၀ ရက်နေ့မှာလည်း အင်းတော်မြို့ဘက်ကို စစ်ကြောင်းတွေဦးတည်ထွက်ခွာလာခဲ့သလို ကျန်တော နဲ့ ကမ်းနီကျေးရွာအနီးက တောဘက်တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်းတော်မြို့ကို NUG ရဲ့ အမှတ် (၁) စစ်ဒေသ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ်မှာ သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာ စစ်တပ်က ထိုးစစ်တွေပြန်လည်စတင်လာခဲ့တာပါ။
အင်းတော်မြို့နဲ့ ၁၆ မိုင်အကွာက ကသာမြို့ကို စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာပြီးနောက် အင်းတော်မြို့မှာလည်း တိုက်ပွဲတွေဖြစ်ပွားလာနိုင်ကြောင်း အင်းတော်ပကဖ က ဧပြီလ ၂၂ ရက်နေ့မှာ အသိပေးထားပါတယ်။
စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲ အချိန်မရွေး ပြင်းထန်ဖြစ်လာနိုင်တာကြောင့် ဒေသခံများအားပြောင်းရွေ့ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားဖို့ အသိပေးထားတာပါ။
တိုက်ပွဲတွေကြောင့် အင်းတော်၊ နဘား ၊ မော်လူး ဒေသခံတချို့ဟာ မိုးညှင်းမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်သူတွေ ရောက်ရှိလာနေပြီဖြစ်ကြောင်း မိုးညှင်းဒေသခံတွေဆီကနေသိရပါတယ်။
