
မေ ၁၂ ၊ နေပြည်တော်
အစိုးရအသစ်ရဲ့ ရက်ပေါင်း (၁၀၀ ) အတွင်း ဦးစားပေးဆောင်ရွက်မဲ့ထဲမှာ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးပေးရေးနဲ့ စက်ကိရိယာများကိုလည်း ထုတ်ချေးပေးမယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
မေလ (၉) ရက်နေ့ မှာ နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး သီးနှံအမျိုးအစားအလိုက် တိုးမြှင့်ထုတ်ချေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခု၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီချေးငွေကာလမှစတင်ကာ ချေးငွေနှုန်းထားတိုးမြှင့်ထုတ် ချေးမှာဖြစ်ပြီး စတင်ထုတ်ချေးမယ့် အချိန်ကာလသတ်မှတ်ချက်တွေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မိုးချေးငွေ၊ ဆောင်းချေးငွေ နဲ့ မိုးကြိုချေးငွေ ဆိုပြီးထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
စပါး၊ ဂျုံနဲ့ ချည်မျှင်၊ရှည်ဝါ(မျိုးစေ့ထုတ်) သီးနှံများကို လက်ရှိ ၁၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ ကျပ်၊ အခြားသီးနှံ(၁၈) မျိုးကို ၁၀၀,၀၀၀ ကနေ ၂၅၀,၀၀၀ကျပ်နဲ့ ပန်းနှမ်း၊ ဆီမုန်ညှင်းနဲ့ ဂုန်လျှော်များကို ၁၀၀,၀၀၀ ကနေ ၁၅၀,၀၀၀ ကျပ်အထိတိုးမြှင့်ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မေလ ၁၂ ရက်ကစလို့ စတင်ထုတ်ချေးပေးမှာဖြစ်ပြီး ချေးငွေအတိုးနှုန်း (၁) နှစ်ကို (၅) ရာခိုင်နှုန်းနဲ့ ထုတ်ပေးမှာအပြင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု (ပုံစံ-၇ ) မူရင်း ကိုတော့အာမခံ (အပေါင်) လက်မှတ်အဖြစ်ရယူထားမှာဖြစ်ပါတယ်။
ဒါ့အပြင် စက်မှုလုပ်ငန်း (Agro- based Industry )တည်ဆောက်ရန်အတွက် ဟုဆိုကာ လယ်ယာသုံးစက်ကိရိယာများကိုတော့ ချေးငွေပမာဏ ကျပ်သိန်း ၁၀၀ မှ ၅,၀၀၀ အထိ ကဏ္ဍအသီးသီးကနေ ထုတ်ပေးမှာဖြစ်ပြီး သက်သာတဲ့ အတိုးနှုန်းနဲ့ (၁ )နှစ်ကို ၆ ရာခိုင်နှုန်း သတ်မှတ်မှာဖြစ်တယ်လို့သိရပါတယ်။
ချေးငွေသက်တမ်းကိုတော့ နှစ်ချင်းဆပ် (၁ )နှစ်၊ နှစ်တို (၃ )နှစ်၊ နှစ်ရှည် (၅)နှစ် အဖြစ်ရှိပြီး တောင်သူလယ်သမားများနဲ့ သမဝါယမအသင်းဝင်များကို ဦးစားပေးသွားမှာဖြစ်ပါတယ်။
ယခင်ထုတ်ချေးပေးထားတဲ့ချေးငွေကို ပြန်မဆပ်နိုင်သေးရင်တော့ အခုရက် (၁၀၀ ) စီမံကိန်းတွင် ထပ်တိုးချေးငွေကို ထုတ်ချေးပေးခြင်းမရှိနိုင်ဘူးလို့ တောင်သူလယ်သမားများထံမှ သိရပါတယ်။
နိုင်ငံအတွင်းက လက်နက်ကိုင်ပဋိပက္ခတွေနဲ့တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တောင်သူအများအပြား စိုက်ပျိုးရေးလုပ်ငန်းများရပ်တန့်ပြီး စစ်ဘေးတိမ်းရှောင်နေရခြင်းအပြင် သီးနှံစျေးကောင်းမရမှုတွေကြောင့် အစိုးရစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ပြန်လည်မဆပ်နိုင်တဲ့တောင်သူအများအပြားကျန်ရှိနေတာလည်းဖြစ်ပါတယ်။
