

မေ(၁၃)၊ မိုးညှင်း
စစ်ကိုင်းတိုင်း၊ကသာမြို့ကနေ မိုးညှင်းမြို့မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကသာဒေသခံစစ်ဘေးတိမ်းရှောင်သူများအတွက် ဆန်အိတ်ပေါင်း(၁၀၆)အိတ် နဲ့ ဆန်၊ဆီ၊ဆားများကို ချင်းတွင်းဧရာအင်စတီကျူ့(CAI)အဖွဲ့က ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့တယ်လို့ ကူညီနေသူများထံမှ သိရပါတယ်။
မိုးညှင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်းဖြစ်တဲ့ ဓမ္မဥယျာဉ်၊ထီးလင်း၊နတ်ကြီးကုန်း၊သိမ်အင်း၊ပင်ရဲလှ၊အောင်သပြေ၊ကံဦး၊ရွာသစ်ကုန်း၊အရှေ့စုနဲ့ ပညာရောင်ခြည်ကျောင်းတိုက်တို့မှာ ခိုလှုံနေထိုင်နေသူများကို ကူညီပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကျောင်းတိုက်(၁၀)ကျောင်းမှာရှိတဲ့ စစ်ရှောင်ဦးရေ အမျိုးသား(၄၆၁)ဦးနဲ့ အမျိုးသမီး (၇၁၉) ဦး စုစုပေါင်း(၁၁၈၀)ဦးတို့အတွက် ဆန်အိတ်အပြင် အိုင်အိုဒင်းဆား (၅)အိတ် နဲ့ ပဲဆီ (စားသုံးဆီ) (၂၄၀)ပိဿာတို့ကို မေလ(၁၁)ရက်နဲ့ (၁၂)ရက်နေ့တို့မှာ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
“စစ်ရှောင်တွေအများကြီးပြန်သွားကြပြီ တစ်ဝက်လောက်ကပြန်ပြီ အခုလ(၁၅)ရက် (၁၆)ရက်နေ့တွေမှာ ပြန်မယ့်သူတွေလည်းရှိတယ် အခုလှူတာကလည်း နဂိုစာရင်းအတိုင်းလှူတာ တကယ်ကလူတွေကအေ့လောက်မရှိတော့ဘူး ဒီလိုလှူဖို့အဖွဲ့ကတောင်းထားတာနှစ်လတောင်ကျော်သွားတာလေ အခုမှရတာဆိုတော့ ဒီစာရင်းနဲ့ပဲလှူလိုက်တာ “ဟု သွားရောက်ကူညီခဲ့သူ မိုးညှင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များ ကသာမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေချိန် ဇန်နဝါရီလအစကနေ မိုးညှင်းမြို့ပေါ်ကို ကသာဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး ယခုတိုက်ပွဲငြိမ်သက်သွားချိန်မှာ ကသာမြို့ခံများ ပြန်လည်ဝင်ရောက်နေရပ်ပြန်သူတွေအများအပြားရှိနေကြောင်း သိရပါတယ်။
