ဗန်းမောက်ချောင်းကြီးချောင်းက ရွှေတော်စက်လှေဆိပ် မကြာခင်ပြန်ဖွင့်မည်

ချောင်းကြီးချောင်းအတွင်း ကူးသန်းသွားလာနေသည့် စက်လှများကိုတွေ့ရစဉ်/ShanNi Voice

မေ ၁၈ ၊  ဗန်းမောက် 

မိုးရာသီမှာ ဗန်းမောက်-ဟုမ္မလင်းမြို့တွေရဲ့  ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ ချောင်းကြီးချောင်း စက်လှေဆိပ်တွေကို မကြာခင်မှာ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ 

မေလ ၁၇ ရက်နေ့မှာ ရွှေတော်စက်လှေဆိပ်ပြန်ဖွင့်နိုင်ရေး ချောင်းကြီးချောင်းကို တိုက်ရိုက်ကွက်ကဲနေတဲ့   SNA ဗဟိုစစ်ဌာနချူပ်(SNUC/SNA) နဲ့ စက်လှေပိုင်ရှင်တွေတွေ့ဆုံမှုတစ်ခုပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီး သိရပါတယ်။ 

“ စက်လှေလိုင်စင်ခွန်၊ စက်လှေခွန် ၊ဆီခွန်များ အရင်နှစ်နူန်းထားအတိုင်းဖြစ်ပြီး အနည်းငယ်သာပြောင်းလဲထားတယ်။ စက်လှေလုပ်ငန်းရှင်တွေအနေနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ မောင်းနှင်နိုင်မှသာ လိုင်စင်ထုတ်ပေးမယ်လို့” စက်လှေဆိပ်ကို ကြီးကြပ်နေသူ တစ်ဦးက ပြောပါတယ်။ 

စက်လှေတွေကို လာမယ့် မေလကုန်မှစတင်ကာ ပြေးဆွဲနိုင်ပြီဖြစ်ပြီး ကျသင့်တဲ့ အခွန်တွေနဲ့ လိုင်စင်တွေကို ပြုလုပ်ပြီး မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ 

ရွှေတော်ဆိပ်ကမ်းမှာ အသွားအလာပြုလုပ်နေတဲ့ စက်လှေအစင်း ငါးရာကျော်ရှိနေတယ်လို့ လုပ်ငန်းရှင်တွေထံကနေသိရပါတယ်။ 

ဗန်းမောက်-ဟုမ္မလင်းကုန်စည်တွေဟာ မိုးရာသီမှာ ချောင်းကြီးချောင်းကိုသာ အသုံးပြုနိုင်ပြီး စက်သုံးဆီ၊ အခြေခံစားသောက်ကုန် နဲ့ အဝတ်အထည်တွေကို အပြန်အလှန်တင်ပို့နေတာလည်းဖြစ်ပါတယ်။ 

 လက်ရှိ ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်တွေကို ဗန်းမောက်မြို့နယ်ကအပြင်  လေကြောင်းလိုင်းကနေတဆင့် သယ်ယူမှုတွေရှိနေပေမယ့်လည်း သယ်ယူစရိတ်က ပုံမှန်ထက် ၁၀ ဆနီးပါးမြင့်တက်နေတာကြောင့် ကုန်စည်အားလုံးမသယ်ယူနိုင်တဲ့အခြေအနေတစ်ရပ်လည်းဖြစ်ပါတယ်။

 ယခင်က ဟုမ္မလင်းမြို့နယ်အတွက် ကုန်စည်တွေကို မုံရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း သယ်ယူပို့ဆောင်နေကြပေမယ့် ၂၀၂၂ ကုန်ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေက ရေကြောင်းကို ပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဟုမ္မလင်းအတွက် လိုအပ်တဲ့ ကုန်စည်တွေကို ရှမ်းနီစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ကိုယ်ထူကိုယ်ထဖောက်လုပ်ထားတဲ့  ဗန်းမောက်-ဟုမ္မလင်း မြို့နယ်ချင်းဆက်လမ်း နဲ့ ချောင်းကြီးချောင်းကိုအသုံးပြုကာ ရေကြောင်းမှ တဆင့် သယ်ယူနေရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *