သျှမ်းပြည်တော်လှန်ရေးကြာရှည်နေဆဲလို့ RCSS/SSA ဆို

မေ(၂၁)၊ လွိိုင်တိုင်းလျန်း

သျှမ်းပြည်တော်လှန်ရေးနေ့ (၆၈)နှစ်ပြည့်လာပြီဖြစ်တဲ့ ဒီနေ့မေလ(၂၁)ရက်နေ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ယွက်စစ်က တော်လှန်ရေးကြာရှည်နေခြင်းဟာ အားနည်းချက်(၃)ခုကြောင့်လို့ ပြောဆိုလာပါတယ်။

(၆၈)နှစ်ပြည့်အတွက် သဝဏ်လွှာပေးပို့ခဲ့တဲအထဲ သူက သုံးသပ်ပြောဆိုလာတာဖြစ်ပြီး  ဒီနှစ်ပေါင်း(၆၀)ကျော်အတွင်းမှာ ဗမာစစ်တပ်မုန်းတီးရေးစိတ်ဓာတ်တစ်ခုတည်းကိုသာ ရိုက်သွင်းခဲ့ရုံမက တောတောင်တွေထဲအတွင်းသာ အချင်းချင်းဂိုဏ်းကွဲတိုက်ခိုက်နေခြင်းတို့ကို ပြုလုပ်နေကြမှုတွေ ရှိနေကြောင်း ပြောထားပါတယ်။

ဒါ့အပြင် ပြည်သူတွေက တော်လှန်ရေးအကြောင်းအရာကို သေချာနားမလည်တာကြောင့် ပူးပေါင်းပါဝင်လာခြင်းအားနည်းကာ မိမိတို့လက်နက်ကိုင်တပ်ဖွဲ့ကလည်း ပြည်သူတွေကို သခင်နဲ့ကျွန်လို ဆက်ဆံမှုတွေပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။

နောက်ထပ် တစ်ချက်အနေနဲ့ ဗမာစစ်တပ်ထံ လက်နက်ချသူတွေ၊ ပြည်သူ့စစ်ပြုလုပ်တာတွေ စတဲ့စည်းလုံးညီညွှတ်မှုမရှိတာတွေ နဲ့ ဒီအချက်တွေကြောင့် တော်လှန်ရေးနှစ်တွေဟာ ဒီနေ့အထိ အဓွန့်ရှည်လာတာဖြစ်ကြောင်း ပြောပါတယ်။

စဝ်ယွက်စစ်က သျှမ်းပြည်တော်လှန်ရေးနှစ်ပြည့်တိုင်း နှစ်စဉ်ထည့်သွင်းသတိပေးအကြောင်းအရာက တပ်ဖွဲ့အတွင်းမှာ ငွေကြေးကြောင့် အာဏာရရှိလာပြီး ကိုယ်ကျိုးစီးပွားရှာဖွေနေသူများလည်း များစွာရှိနေတဲ့အကြောင်း ပါဝင်ပါတယ်။

သျှမ်းတော်လှန်ရေးဟာ (၁၉၅၈)ခုနှစ် မေလ(၂၁)ရက်နေ့မှာ  ရှမ်းရှေ့က မိုင်းတုံမြို့နယ်၊မိုင်းဟန်ကျေးရွာအုပ်စုမှာ စဝ်နွဲ့(ခေါ်)စောယန်တကဦးဆောင်ပြီး ‘နွံစစ်ဟန်’ တပ်ကို အဖွဲ့ဝင်(၃၁)ဦးဖြင့် စတင်တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါဟာ (၁၉၄၇)ခုနှစ်မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း (၁၀)နှစ်အကြာမှာ နိုင်ငံရေးအခြေအနေရူပ်ထွေးလာခြင်းနဲ့ ဗမာစစ်တပ်ရဲ့လုပ်ဆောင်မှုတွေဟာ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ဖြေရှင်းလို့မရတော့တာကြောင့် လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြစ်ပေါ်လာတဲ့ တပ်ဖွဲ့ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *