
ဇွန်(၅)၊မိုးညှင်း
ကချင်ပြည်နယ်က မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းမီးရထား ပြေးဆွဲနိုင်ဖို့အတွက် လမ်းပိုင်းပြင်ဆင်မှုအားလုံးကို လာမယ့်ဇူလိုင်လဒုတိယအပတ်မှာအပြီးသတ်မယ်လို့ မြန်မာ့မီးရထားဌာနမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှ မြစ်ကြီးနားကနေ မီးရထားသံလမ်းများကို စတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး အခုဇွန်လအထိ ဘူတာ(၈)ဘူတာပြီးစီးထားတယ်လို့ သိရသလို လမ်းပိုင်းဟာ (၇၅)ရာခိုင်နှုန်းနီးပါး ပြီးစီးထားပြီးဖြစ်ကြောင်း ဆိုထားပါတယ်။
“လောလောဆယ်က သံလမ်းတွေကိုပြင်နေတုန်းရှိတယ် ပြေးဆွဲတော့မယ်လို့တော့ပြောတော့ပြောသံကြားတယ် ဒါပေမယ့်ပြင်နေတုန်းပေါ့လေ မိုးညှင်းဘူတာမှာတော့ ပြင်တာမမြင်ရသေးဘူး မြို့သစ်ကလေး၊နန်းမားမရောက်ခင် သံလမ်းတွေအေ့နေရာတွေတော့ ပြင်နေကြပြီဟုတ်တယ် အဲအထိတော့ရောက်နေပြီ မြက်ပင်တွေရှင်းနေတာနဲ့ သံခင်းတွေပြင်နေတာ”လို့ လမ်းပိုင်းပြင်ဆင်နေမှုနဲ့ပတ်သက်ပြီး မိုးညှင်းမြို့ပေါ်နေထိုင်သူတစ်ဦးက ရှမ်းနီအသံကို အခုလိုပြောပြပါတယ်။
ဒီလမ်းပိုင်းရှိ တံတားသံပေါင်များအားလုံးကို ပြင်ဆင်ပြီးစီးထားပြီဖြစ်ပြီး တံတားရေလယ်တိုင်များသာကျန်ရှိတော့ကြောင်း သိရသလို မီးရထားပြန်လည်ပြေးဆွဲမယ့်ရက်ကိုတော့ လမ်းပိုင်းပြင်ဆင်မှုတွေပြီးတာနဲ့ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။
“မြစ်ကြီးနားထိ ပြန်ဖွင့်မယ်ဆိုတော့ ကုန်စျေးနှုန်းတွေကတော့ ကောင်းလာမယ်။ လမ်းပိုင်းဆက်သွယ်ရေးလည်းအဆင်ပြေလာမယ်ပေါ့လေ မြစ်ကြီးနားနဲ့မိုးညှင်းက အပြန်အလှန်ကုန်တွေတင်သွင်းကြတယ်လေ ပြေးဆွဲတဲ့အချိန်ဆိုလူတွေလည်းစီးကြမှာပဲ ကားခကစျေးကြီးတယ်လေ မီးရထားစျေးနှုန်းက သက်သာရင်တော့လူတွေစီးကြမှာပဲလေ” ဟုသူက ဆိုပါတယ်။
မြစ်ကြီးနားမြို့ကနေ မိုးညှင်းမြို့အထိ ဘူတာပေါင်း (၃၀)ကျော်၊ တံတားပေါင်း(၃၀၀)ကျော်ရှိထားပြီး ရထားလမ်းမိုင် (၅၂)မိုင်ကျော်ရှိတဲ့အထဲ (၃၉) မိုင်ကို ပြင်ဆင်ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒီမီးရထားကို လူစီးတန်း ရိုးရိုးတန်း(၄)တွဲ၊ အထက်တန်း(၁)တွဲနဲ့ ကုန်တင်ဘရိတ်(၁)တွဲများဖြင့် ပြေးဆွဲသွားမယ့် ခေါက်တိုရထားလည်းဖြစ်ပါတယ်။
(၂၀၂၁)ခုနှစ်ကနေ နည်းတူရပ်နားထားရတဲ့ အရေးပါသော မန္တလေး-မိုးညှင်း မီးရထားလမ်းပိုင်းကိုလည်း ပြန်လည်ပြင်ဆင်ပြေးဆွဲနိုင်ဖို့ကို ဒေသခံများရဲ့တောင်းဆိုမှုတွေရှိနေပေမယ့် နယ်မြေမတည်ငြိမ်မှုတွေကြောင့် မန္တလေးမြို့အထိလမ်းပိုင်းကကြာမြင့်နိုင်သေးကြောင်း ဆိုကြပါတယ်။
