စစ်ကိုင်းမြို့ လဝကရုံးမှာ ဗုံးပေါက်ကွဲပြီး (၂၀)ဦးခန့် ထိခိုက်

ထိခိုက်ဒဏ်ရာရရှိသူများကို အရေးပေါ်ကုသမှုပေးနေစဉ်/ Credit

ဇွန် ၅ ၊ စစ်ကိုင်း 

စစ်ကိုင်းမြို့ ပါရမီရပ်ကွက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံးမှာ  ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေဆီကနေသိရတယ်။ 

“ မနက် ၁၀ နာရီ ၁၁ နာရီဝန်းကျင်လောက်မှာဖြစ်တာ ၊ လဝကရုံးမှာ ဗုံးပေါက်ပြီးတော့ ဆေးရုံကိုလာကြတာ၊ ကြည့်မိတဲ့အချိန်တုန်းက ၁၀ ယောက်ကျော်လောက်ရှိမယ်။ ယောကျာ်းလေးရော၊မိန်းကလေးရော ၊ အထိအခိုက်တွေပေါ့ သေတဲ့ဟာမရှိပါဘူး။ ပွန်းပဲ့တာစတဲ့ဒဏ်ရာရတာတွေများတယ်” လို့  စစ်ကိုင်းမြို့ ကုတင် (၃၀၀)ဆန့် ဆေးရုံရှိ  ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဒဏ်ရာရရှိသူအများစုဟာလည်း လဝကရုံးမှာ ရက် ၁၀၀ စီမံကိန်းနဲ့လုပ်ဆောင်ပေးနေတဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု ​၊  စမတ်ကဒ် လာရောက်ပြုလုပ်သူတွေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ 

ဒီဖြစ်စဉ်က ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောဆိုနေကြပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ မသိရှိသေးပါဘူး။ 

စစ်ကိုင်းမြို့မှာ လတ်လလောတိုက်ပွဲဖြစ်ပွားမှုတွေမရှိသေးပေမယ့် အခုလိုဗုံးပေါက်ကွဲမှုကြောင့် ဒေသခံလူငယ်တွေရဲ့ သွားလာမှုတွေ တင်းကြပ်မှာကို စိုးရိမ်နေကြပါတယ်။

“ သွားလာရတာကြပ်နေပါတယ်ဆို ၊အခုလိုဗုံးပေါက်လိုက်တော့ ဘယ်လောက်တောင်စစ်လိုက်မလဲ၊ အခုလူငယ်တွေကို စစ်တာ စစ်ကိုင်းနယ်ခံတွေကပိုဆိုးတယ်။ သွားရလာရတာမလွယ်ဘူး”​လို့ စစ်ကိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ စစ်ကိုင်းတိုင်းလဝကရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရမှုကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက အထက်ပိုင်းဒေသတွေမှာ စစ်ရေးတင်းမာမှုတွေရှိနေပြီး အောက်ပိုင်းဒေသမှာတော့ တိုက်ပွဲဖြစ်ပွားမှု လျော့ကျလာနေတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

Telegram တွင်လည်းသတင်းများကိုဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။https://t.me/shannivoice/3021

Leave a Reply

Your email address will not be published. Required fields are marked *