
ဇွန်၅၊နေပြည်တော်
ရှမ်းနီအမျိုးသားညီညွတ်ရေးကောင်စီ နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တို့ နေပြည်တော် မှာ မနေ့က ဇွန်လ ၄ ရက်နေ့မှာ တွေ့ဆုံမှုတစ်ရပ်ပြလုပ်ခဲ့တယ်လို့သိရပါတယ်။
နှစ်ဖက်ဆွေးနွေးမှုတွေထဲမှာ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီဘက်ကနေ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရေးကိုဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် လူမျိုးအမည် ၊ မှတ်ပုံတင် ၊ အသုံးနှုန်း ဒေသတွေကိုအသိအမှတ်ပြုနိုင်ရေးအတွက် NSPnC ဘက်က လွတ်တော်ကို တင်သွင်းနိုင်မယ့်အခြေအနေ အသေးစိတ်ကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ရှမ်းနီအမျိုးသားညီညွတ်ရေးကောင်စီဘက်က ဒေသတည်ငြိမ်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေရဲ့ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းနီတိုင်းရင်းသားတွေနေထိုင်ရာဒေသတွေမှာ ၂၀၂၂ ခုနှစ်မှစတင်ပြီး တိုက်ပွဲတွေပြင်းထန်လာခဲ့တာ ဒီနေ့အချိန်ထိဖြစ်ပြီး သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေရဆဲလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီး၊ဟုမ္မလင်း၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ဝန်းသို၊ဗန်းမောက်၊ ကောလင်း၊ အင်းတော် နဲ့ ကချင်ပြည်နယ်က မိုးညှင်း၊မိုးကောင်း၊အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဆင်ဘို၊ မံစီ၊မိုးမောက်၊ဖားကန့်မြို့နယ် တွမှာ ရှမ်းနီတိုင်းရင်းသားများ ပျံ့နှံ့နေထိုင်နေကြတာလည်းဖြစ်ပါတယ်။
