အိန္ဒိယ-မြန်မာနယ်စပ်က တော်လှန်ရေးအဖွဲ့များကို ပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ် 

ဇွန် ၄၊ နေပြည်တော်

အိန္ဒိယခရီးမှ ပြန်လာခဲ့တဲ့ သမ္မတ ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယ-မြန်မာနယ်စပ်ဒေသမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေကို တိုင်းပြည်ကောင်းစေချင်ရင် ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကြိုးစားစေလိုတယ်လို့ ပြောဆိုလာပါတယ်။ 

မနေ့က ဇွန်လ ၃ ရက်နေ့  မြန်မာနိုင်ငံကို ပြန်လာတဲ့ခရီးစဉ်မှာ သတင်းမီဒီယာတွေကိုဖြေကြားတဲ့အချိန်ပြောကြားခဲ့တာဖြစ်ပါတယ်။ 

“ နှစ်နိုင်ငံ ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု တိုးချဲ့ဆောင်ရွက်နိုင်ဖို့နဲ့ နယ်ပယ်အသီးသီးမှာဆောင်ရွက် နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ အရေးကြီးပါတယ်။ အိန္ဒိယနယ်စပ်မှာရှိတဲ့ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည် ကောင်းစေချင်တယ်ဆိုရင်တိုင်းပြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားဖို့လိုပါတယ်။ သူတို့ရဲ့ သဘောထားတွေပြန်လည်သုံးသပ်ပြီးတော့မှ ကျွန်တော်တို့တိုင်းပြည်ကို ကောင်းအောင် ဆောင်ရွက်သွားဖို့လိုပါလိမ့်မယ်” လို့ သူကပြောပါတယ်။ 

အိန္ဒိယခရီးစဉ်အတွင်းမှာလည်း အိန္ဒိယ-မြန်မာနယ်စပ်ဒေသကိုထိန်းချုပ်ထားတဲ့  ရခိုင်တပ်တော် AA က မကြာခင်  ရခိုင်ပြည်နယ်တစ်ခုလုံးကိုထိန်းချုပ်နိုင်တော့မယ့်အကြောင်း ကြေညာထားပါတယ်။ 

အိန္ဒိယ-မြန်မာအကြားမှာ ရခိုင်ပြည်နယ်အတွင်း  ကုလားတန် ဘက်စုံစီမံကိန်းတည်ဆောက်ဖို့ရှိနေတာပါ။ 

မိုင်ပေါင်း ၈၀၀ ကျော်ရှည်တဲ့ မြန်မာ-အိန္ဒိယ- ထိုင်း(၃ ) နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကို အပြီးသတ်အလေးပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ အိန္ဒိယသတင်းဌာနဖြစ်တဲ့  DD India  သတင်းဌာနနဲ့  တွေ့ဆုံမေးမြန်းမှုတွင်ဖြေကြားခဲ့တာလည်းဖြစ် ပါတယ်။

“ အရေးကြီးတာက မြန်မာနိုင်ငံကို အိန္ဒိယထုတ်ကုန်တွေ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့်လာနိုင်ဖို့ တစ်ချက်ရယ် ၊အိန္ဒိယပြည်သူပြည်သားတွေ မြန်မာနိုင်ငံကိုနယ်စပ်လမ်းကနေ ကူးလူးဆက်ဆံလာနိုင်ဖို့ရယ် ဒီနှစ်ခုကတော့ ပိုပြီးတော့ကျွန်တော်တို့ဦးစားပေးစဉ်းစားရမှာပေါ့ “လို့ ၎င်းကပြောဆိုခဲ့တာပါ။

ခရီးစဉ်အတွင်း အိန္ဒိယနဲ့ မြန်မာ ကုန်သွယ်မှုတွင် လက်ရှိမှာ ၂ ဘီလီယံကျော်သာရှိသေးပေမဲ့ အမေရိကန် ဒေါ်လာ ၃ ဘီလီယံကနေ ၅ ဘီလီယံထိရောက်ရှိအောင်မျှော်မှန်းထားပြီး ရူပီးတိုက်ရိုက်ပေးချေရေးစနစ်ဖြင့် လုပ်ဆောင်သွားရန် အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံကျော်ရှိပြီး ၁၁ နိုင်ငံမြောက် ရင်းနှီးမြုပ်နှံမှုအများဆုံးနိုင်ငံတစ်ခုလည်း ဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *