အိန္ဒိယ-မြန်မာနယ်စပ်ရှိ သနန်ရွာရှမ်းနီစစ်ရှောင်များ၏ စခန်း မီးရှို့ခံရပြီးနောက်ဟုမ္မလင်းဘက်သို့ ရွှေ့ပြောင်းစစ်ရှောင်လာ

ဇွန် ၆ ၊ ဟုမ္မလင်း 

အိန္ဒိယနိုင်ငံနယ်စပ်အနီးက အလှော်ကျေးရွာအနီးမှာ  သနန်ကျေးရွာက ဒေသခံတွေဟာ စစ်ဘေးရှောင်နေထိုင်နေရပြီး မီးရှို့ခံရမှုကြောင့် ဟုမ္မလင်းမြို့နယ်ကို စစ်ဘေးထပ်မံရှောင်တိမ်းလာရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။ 

စစ်ရှောင်တွေဟာ မေလကုန်ပိုင်းမှာ အိန္ဒိယ နယ်စပ်ကနေ မြန်မာနိုင်ငံ နာဂဒေသဘက်ကို စစ်ရှောင်ပြီး အဲ့ဒီမှတဆင့် ဟုမ္မလင်းမြို့နယ်ဘက်ကို ထပ်မံရွေ့ပြောင်းလာရခြင်းဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။ 

“ အလှော်ကျေးရွာအနီးရှိစစ်ရှောင်စခန်း ( PDF နဲ့ ကူးကီးတပ်က မီးရှို့) နေရာကနေ လေရှိီး၊​လေရှီးကနေ ဟုမ္မလင်းကိုရောက်လာကြတာ၊ လေရှီးကနေ ဟမလ(ဟုမ္မလင်း)  အထိက ကားခကိုတော့ နာဂစာပေယဉ်ကျေးမှုကနေ အကူအညီပေးခဲ့တာ ဒီရောက်တဲ့အထိ” လို့ သွားရောက်ကူညီပေးသူတစ်ဦးကပြောပါတယ်။ 

ဇွန်လ ၄ ရက်နေ့အထိ ဟုမ္မလင်းမြို့ နောင်မခန်ရွာကို ရောက်ရှိလာတဲ့ မိသားစု ၃ လူဦးရေအရ ၁၀ ဦးရှိပြီး သူတို့တွေကို ဆန် ၊ဆီ နဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို  ရှမ်းနီလူငယ်ကွန်ယက်နှင့်မြို့မ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေက ထောက်ပံ့ကူညီပေးနေတယ်လို့သိရပါတယ်။ 

လတ်တလော ရောက်လာသူအပြီးမှ စစ်ဘေးရှောင်တချို့ထပ်မံရောက်ရှိဖို့လည်း ရှိနေသေးကြောင်း စုံစမ်းသိရှိရပါတယ်။ 

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အတွင်းတိုက်ပွဲများကြောင့် မဏိပူရ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်သူတွေထဲ ရှမ်းနီတိုင်းရင်းသား တစ်ထောင်ကျော်ရှိတယ်လို့ International Tai Meitei (Kassay) Association ( နိုင်ငံတကာ တိုင်းမီတဲ(ကသည်း) အရပ်အဘက်အဖွဲ့အစည်း_အိန္ဒိယ) က ၂၀၂၃ ခုနှစ်မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ဘေးရှောင်တွေက အောင်ဇေယျ မှ  ၅၈၁ ဦး၊  သနန်ကျေးရွာ မှ ၂၅၈ ဦး ၊ စိုးသာယာကျေးရွာမှ ၂၂၇ ဦး ရှိပြီး စုစုပေါင်း ၁၀၆၆ ဦးရှိကြောင်း ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *