NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ NSPNC တို့ အလွတ်သဘောတွေ့ဆုံ

RCSS/SSA မှ စဝ်စိုင်းငင်း အစည်းအဝေးအဖွင့် အမှာစကားပြောကြားနေစဉ်/Credit

ဇွန်(၉)၊ နေပြည်တော်

စစ်တပ်မှ အသွင်ပြောင်း အစိုးရအသစ်ဖွဲ့စည်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားမှုကို  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့ဟာ NSPNC နဲ့ ဒီနေ့မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးနေတယ်လို့ ထုတ်ပြန်လာပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၇ ဖွဲ့ (7 EAO Alliance)  ဟာ ညှိနှိုင်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးအစီအစဉ်များ၊သဘောထားတို့ကို အပြန်အလှန်ရှင်းလင်းဆွေးနွေးကြမှာဖြစ်ကြောင်း  EAOsများဘက်က ပြောဆိုထားပါတယ်။

အခုဆွေးနွေးပွဲမတိုင်ခင်မှာ EAO တစ်ဖွဲ့ချင်းစီအပြင် ဦးဆောင်အဖွဲ့မှာလည်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အကျေအလည်တိုင်ပင်ဆုံးဖြတ်ခဲ့ကြပြီး လာတက်ရောက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာဖို့သင့်တော်တဲ့ အဖွဲ့အစည်းများပါဝင်လာနိုင်ရေးနဲ့ အခုနိုင်ငံရေးအခြေအနေများနဲ့ကိုက်ညီဖို့ အပြင်  ဒီငြိမ်းချမ်းရေးကြာရှည်စေဖို့ ဆောင်ရွက်ချင်ကြောင်း ဆိုထားပါတယ်။

 ဧပြီလကနေ အစိုးရအဖွဲ့စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီး ရက်(၁၀၀)အတွင်းငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် လက်နက်ကိုင်အဖွဲ့ တို့ကို ဖိတ်ခေါ်ခြင်းနဲ့ (EAOs)အဖွဲ့ တစ်ဖွဲ့ချင်းစီထံကိုလည်း ကိုယ်စားလှယ်များစေလွှတ်ကာ တွေ့ဆုံဆွေးနွေးမှုများ  ရှိနေတယ်လို့  ဦးမင်းအောင်လှိုင်က မေလမှာပြောဆိုထားပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ခြင်းဟာ ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်မှုကိုပြသရာလည်းရောက်သလို ယုံကြည်မှုကို တည်ဆောက်တယ်လို့မြင်မိကြောင်း (7 EAO Alliance)အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက သုံးသပ်ပြောပါတယ်။

(7 EAO Alliance)အဖွဲ့ မှာ မွန်ပြည်သစ်ပါတီ (NMSP) ၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (Democratic Karen Benevolent Army – DKBA)တို့ပါဝင်ထားပါတယ်။

မကြာသေးမီရက်ပိုင်းက ဇွန်လ(၄)ရက်နေ့မှာ ရှမ်းနီအမျိုးသားညီညွတ်ရေးကောင်စီ(SNUC) ကလည်း NSPNC နဲ့တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်တဲ့နေရာတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိနိုင်ရေးကို အဓိကထားကာ SNUC ကတင်ပြဆွေးနွေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *