
ဇွန် ၁၀ ၊ တီဟီရန်
ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့ အပါချီရဟတ်ယာဉ်တစ်စင်း ပစ်ချခံရပြီးနောက် အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး တီဟီရန်ကလည်း လက်စားချေမယ်လို့ သတိပေးချက်တွေထွက်ပေါ်လာပါတယ်။
အမေရိကန်စစ်တပ်ရဲ့ Apache ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုအတွက် လက်စားချေမှုအနေနဲ့ အီရန်အပေါ် တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီမှာ စတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မနက် ၁ နာရီမတိုင်မီမှာ ပြီးဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောဆိုခဲ့ပါတယ်။
အီရန်နိုင်ငံပိုင်ရုပ်သံလိုင်း IRIB မှာ ဟော်မုခ် ရေလက်ကြားရှိ Qeshm ကျွန်းနဲ့ ပထမလှိုင်းအတွင်း Sirik နဲ့ Jask ဆိပ်ကမ်းများမှ ပေါက်ကွဲမှုများကို ဖော်ပြခဲ့ပါတယ်။
နာရီအနည်းငယ်အကြာမှာ Jask နဲ့ Bandar Abbas ကျွန်းနေရာတွေမှာ နောက်ထပ်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အင်္ဂါနေ့အစောပိုင်းမှာ အမေရိကန်သမ္မတ Donald Trump ဟာ ရဟတ်ယာဉ်ကို ပစ်ချမှုအတွက် အီရန်ကို အပြစ်တင်ထားပါတယ်။
သူရဲ့ Truth Social ပလက်ဖောင်းမှာလည်း အီရန်က ဟော်မုခ်ရေလက်ကြားပေါ်မှာ ကင်းလှည့်နေတဲ့ အမေရိကန်လေယာဉ်ကို ပစ်ချခဲ့ကြောင်း ရေးသားခဲ့ပြီး “ဤတိုက်ခိုက်မှုကို မဖြစ်မနေ တုံ့ပြန်ရမည်” ဟု ကြေညာထားပါတယ်။
လေယာဉ်အမှုထမ်းနှစ်ဦးစလုံးကိုလည်း ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီရန်နယ်မြေအနီးမှာရှိတဲ့ နိုင်ငံခြားစစ်ဘက်တပ်ဖွဲ့တွေဟာ “အဆက်မပြတ်အန္တရာယ်ရှိနေတယ်” လို့ ပြောဆိုပြီး နောက်ပိုင်းမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုအသစ်တွေကို တုံ့ပြန်သွားမယ်လို့ ကတိပြုထားပါတယ်။
အပါချီ ရဟတ်ယာဉ် ဟာ အမေရိကန်နိုင်ငံထုတ်၊ အင်ဂျင်နှစ်လုံးနဲ့ပန်ကာလေးချပ်ပါဝင်တဲ့ ကမ္ဘာ့အဆင့်မြင့်ဆုံးနဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်အမျိုးအစားဖြစ်ပါတယ်။
